အီရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်တန့်နေမှုကြောင့် သမ္မတ ထရမ့် က လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်ရန် စဉ်းစားနေ
အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေစဉ်အတွင်း သမ္မတဒေါ်နယ်ထရမ့်သည် အီရန် အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်ရန် စဉ်းစားနေကြောင်း အမေရိကန်အရာရှိများကို ကိုးကား၍ Axios သတင်းဌာနက ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် တစ်လခန့်ကရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပြိုကွဲလုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီး အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်များကိုလည်း သမ္မတထရမ့်က "လုံးဝ လက်ခံ နိုင်စရာမရှိ" ဟုဆိုကာ ပယ်ချခဲ့သည်။
သမ္မတထရမ့်သည် တနင်္လာနေ့ (မေ ၁၁) တွင် အမျိုးသားလုံခြုံရေးအဖွဲ့နှင့်တွေ့ဆုံကာ နောက်ထပ်လုပ်ဆောင်မည့် စစ်ရေးခြေလှမ်းများကို ဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးမှုများတွင် ဟော်မုဇ်ရေလက်ကြား၌ သင်္ဘောများကို လမ်းညွှန်ပေးမည့် "Project Freedom" စစ်ဆင်ရေးကို ပြန်လည်အသက်သွင်းရန်နှင့် ပင်တဂွန်စစ်ဌာနချုပ်က သတ်မှတ်ထားသော်လည်း မတိုက်ခိုက်ရသေးသည့် ကျန်ရှိနေသော ပစ်မှတ် ၂၅ ရာခိုင်နှုန်း ကို ဗုံးကြဲရန် စသည့်အချက်များ ပါဝင်နေသည်။ သို့သော် Project Freedom စစ်ဆင်ရေးမှာ ပါကစ္စတန်၏ တောင်းဆိုမှုနှင့် ဆော်ဒီအာရေဗျက ၎င်း၏ လေပိုင်နက်နှင့် အခြေစိုက်စခန်းများ အသုံးပြုခွင့်ပေးရန် ငြင်းဆန်မှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်က ဆိုင်းငံ့ထားခဲ့ရသည်။
အခြားတစ်ဖက်တွင်လည်း အီရန်နိုင်ငံက အလျှော့ပေးမည့် အလားအလာမရှိသေးပေ။ အီရန်၏ ထိပ်သီးညှိနှိုင်းရေးမှူး ဂါလီဘတ်ဖ်က အမေရိကန် အနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်များကို လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်းနှင့် အချိန်ဆွဲနေပါက အမေရိကန်တို့သာ ပိုမို ပေးဆပ်ရမည်ဟု သတိပေးခဲ့သည်။
အီရန်၏ တောင်းဆိုချက်များတွင် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေး၊ စစ်လျော်ကြေးပေးရေးနှင့် ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ အချုပ် အခြာအာဏာကို အသိအမှတ်ပြုရေးတို့ ပါဝင်နေသည်။ တစ်ချိန်တည်းမှာပင် နျူကလီးယားစခန်းများပိတ်သိမ်းရေး အမေရိကန်၏ တောင်းဆိုချက်ကိုလည်း အီရန်က ဆယ်စုနှစ်ပေါင်းများစွာကတည်းက လက်မခံဘဲ ပယ်ချထားခဲ့သည်။
အမေရိကန် CIA ၏ သုံးသပ်ချက်အရ အီရန်သည် စစ်ပွဲအတွင်း ဒုံးကျည်နှင့် ပစ်စင်အများအပြားကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကိုလည်း အနည်းဆုံး ၄ လခန့်အထိ ကြံ့ကြံ့ခံနိုင်စွမ်းရှိနေကြောင်း သိရှိရသည်။ လတ်တလော အခြေအနေများအရ အမေရိကန်နှင့်အီရန်အကြား တင်းမာမှုများသည် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုဆီသို့ ပြန်လည်ဦးတည်သွားနိုင်သည့်အခြေအနေတွင် ရှိနေပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
