တရုတ်-ရုရှားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာခြင်းက သမိုင်းဝင်အခွင့်အလမ်းများ ဆောင်ကြဉ်းလာခဲ့ကြောင်း တရုတ်တာဝန်ရှိသူပြောကြား

News Image

  • တရုတ်-ရုရှားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာခြင်းက သမိုင်းဝင်အခွင့်အလမ်းများ ဆောင်ကြဉ်းလာခဲ့ကြောင်း တရုတ်တာဝန်ရှိသူပြောကြား

ပေကျင်း    မေ    ၁၁

တရုတ်-ရုရှား  နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာခြင်းက သမိုင်းဝင်အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းလာခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် နယ်ပယ်ကဏ္ဍများစွာတွင် ရုရှားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် အသင့်ရှိနေကာ တရားမျှတ၍ ကျိုးကြောင်းဆီလျော်မှုရှိသည့်  ကမ္ဘာလုံး ဆိုင်ရာ  စီမံခန့်ခွဲရေးစနစ်ကို   အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း  တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂါအိုဂျီကန်က မေ ၁၁ ရက်တွင် ပြောကြားသည်။

မေ ၉ ရက်တွင်ကျင်းပခဲ့သည့် မဟာမျိုးချစ်စစ်ပွဲအောင်နိုင်ခြင်းနေ့ အခမ်းအနားကျင်းပရာ၌ တရုတ်-ရုရှား  မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍  ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ကြေညာချက်နှင့်ပတ်သက်ပြီး  ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ 

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် ပဋိပက္ခများကိုတားဆီးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက်တည်ငြိမ်မှုကို ကာကွယ်ရန်အတွက် အဓိကကျသည့် ထောက်တိုင်တစ်ခုဖြစ်လာကြောင်း  သမ္မတပူတင်က  ပြောကြားခဲ့သည်။

ယခုနှစ်သည်  တရုတ်-ရုရှား မဟာဗျူဟာမြောက် ပေါင်းစပ်ညှိနှိုင်းရေး မိတ်ဖက်အဖွဲ့အစည်း တည်ထောင်ခြင်း နှစ်(၃၀)ပြည့်မြောက်သည့် အချိန်အခါဖြစ်ပြီး  တရုတ်-ရုရှား အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ် လက်မှတ်ရေးထိုးသည့်  (၂၅)နှစ်ပြည့်ဖြစ်ကာ တရုတ်နှင့်ရုရှားနိုင်ငံကြား  ပညာသင်ကြားရေးနှစ်များ စတင်သတ်မှတ်သည့်နှစ်လည်းဖြစ်ကြောင်း ဂါအိုဂျီကန်က မှတ်ချက်ပြုခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်း စိတ်ဓာတ်ကို ကိုင်စွဲကာ ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့်ရလဒ်များရရှိရေးဆောင်ရွက်မည်ဟု ၎င်းကပြောကြားသည်။  

ပြီးခဲ့သည့်နှစ်များအတွင်းက နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက်လမ်းညွှန်မှုအရ  နှစ်နိုင်ငံဆက်ဆံရေးကို မြင့်မားသည့်အဆင့်သို့ မြှင့်တင်နိုင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုရရှိစေရေး  ဆောင်ရွက်နိုင်ခဲ့သည်ဟု ၎င်းကပြောကြားသည်။                 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

MDN