ပီအက်စ်ဂျီအသင်း အဓိကခံစစ်ကစားသမားဟာကီမိ ပြင်းထန်သည့်ခြေထောက်ကျိုးဒဏ်ရာကြောင့် ကာလရှည်အနားယူရမည်
ပါရီ နိုဝင်ဘာ ၅
ပီအက်စ်ဂျီအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ကစားသည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြင်းထန်သည့် ခြေထောက်ကျိုး ဒဏ်ရာရရှိသော ပီအက်စ်ဂျီအသင်း အဓိကခံစစ်ကစားသမား ဟာကီမိအနေဖြင့် ဒဏ်ရာကြောင့် ကာလရှည် အနားယူရမည် ဖြစ်ကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ကစားသည့်ပွဲစဉ်၌ ဟာကီမိသည် ပထမပိုင်းပွဲချိန် အပြီး အချိန်ပို ရှစ်မိနစ်တွင် ဘိုင်ယန်မြူးနစ်အသင်း တောင်ပံကစားသမား ဒီယက်၏ ဖျက်ထုတ်ပုံကြမ်းတမ်းမှုကြောင့် ပြင်းထန်သည့် ခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
ဒီယက်သည် ဟာကီမိဘောလုံးပြေးဆွဲသည်ကိုနောက်မှ သိသိသာသာဖျက်ထုတ်ပုံကြမ်းတမ်းခဲ့ သည့်အတွက် ပြင်းထန်သည့် ဘယ်ဘက်ခြေထောက် ကျိုးဒဏ်ရာရရှိပြီးနောက် ကာလရှည်အနားယူရမည့် အရေးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
အစောပိုင်းက အဆိုပါ ဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်လူကြီး မာရီနီက ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့သည့် ဒီယက်ကို အဝါကတ်သာ ပြသသတိပေးမှု လုပ်ဆောင်ခဲ့ပြီး ပြန်လည်စိစစ်မှုများ လုပ်ဆောင်ပြီးနောက် ဆုံးဖြတ်ချက် ပြန်လည်ပြင်ဆင်ကာ တိုက်ရိုက်အနီကတ်ပြသခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်ရပ်အတွက် ဒီယက်အနေဖြင့်လည်း ၎င်း၏ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့မှုကြောင့် ပြင်းထန် သည့်ဒဏ်ရာရရှိခဲ့သော ဟာကီမိကို ကွင်းအတွင်း ၌ပင် တောင်းပန်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယင်းပွဲစဉ်တွင် ဟာကီမိအနေဖြင့် ပြင်းထန်သည့် ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့သကဲ့သို့ နောက်ထပ် အဓိကတိုက်စစ်ကစားသမား ဒမ်ဘီလီသည်လည်း ပွဲချိန် ၂၅ မိနစ်တွင်ပင် ပေါင်ဒဏ်ရာရရှိသည့်အတွက် လူစားလဲထွက်ခွာခဲ့ရပြီး မည်သည့်အချိန်ထိ အနား ယူရမည်ကို မသိရှိရသေးဘဲ ဆက်လက်စောင့်ကြည့် ရမည်ဖြစ်သည်။
ဟာကီမိသည် ပြင်းထန်သည့်ခြေထောက်ကျိုး ဒဏ်ရာကြောင့် ကာလရှည်အနားယူရမည်ဖြစ်သည့် အတွက် ပီအက်စ်ဂျီအသင်းပွဲစဉ်များအပြင် မော်ရိုကို အသင်းနှင့်ပါ အာဖရိကဖလားပြိုင်ပွဲကို လွဲချော်ဖွယ် ရှိကြောင်း သိရသည်။
Ref;Fabrizio Romano
MWD
