အမျိုးသမီးများ နှလုံးရောဂါစစ်ဆေးရာတွင် ကြန့်ကြာမှုများဖြင့်ရင်ဆိုင်ရနိုင်ခြေ မြင့်မား

News Image

  • အမျိုးသမီးများ နှလုံးရောဂါစစ်ဆေးရာတွင် ကြန့်ကြာမှုများဖြင့်ရင်ဆိုင်ရနိုင်ခြေ မြင့်မား

ပဲရစ် မေ ၂၈

အမျိုးသမီးများအနေဖြင့် နှလုံးရောဂါကို စစ်ဆေးဖော်ထုတ်ရာတွင် ကြန့်ကြာမှုများဖြင့် ရင်ဆိုင်ရနိုင်ခြေမြင့်မားပြီး အကျိုးဆက်အားဖြင့် ရောဂါကြောင့် အသက်ဆုံးပါးနိုင်ခြေလည်း ပို၍မြင့်မားကြောင်း သုတေသနပညာရှင်များက မေ၂၇ရက်တွင် ပြောကြားသည်။ 

နှလုံးသွေးကြောရောဂါများသည် အမျိုးသမီးများသေဆုံးရခြင်း၏ အဓိကအကြောင်းတရားဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသမီးများ ဆုံးပါးရမှု သုံးပုံတစ်ပုံခန့်မှာ နှလုံးသွေးကြောရောဂါများနှင့် ဆုံးပါးကြရခြင်းဖြစ်သည်။

သို့ရာတွင် အမျိုးသမီးလူနာများအတွက် နှလုံးရောဂါ စစ်ဆေးဖော်ထုတ်မှု၊ ဆေးဝါးကုသမှုနှင့် ဆေးသုတေသနလုပ်ငန်း ပြုလုပ်ပေးမှုများမှာ ထိရောက်လုံလောက်မှု မရှိသေးကြောင်း ဥရောပသုတေသနပညာရှင်များ ဦးဆောင်သည့် နိုင်ငံတကာ သုတေသနပညာရှင်များက ပြောကြားသည်။

သို့ဖြစ်ရာ အထက်ပါပြဿနာကိုဖြေရှင်းရန် ဥရောပတိုက်တစ်ဝန်း၌ အမျိုးသမီးများအတွက် သီးသန့်နှလုံးရောဂါစစ်ဆေးကုသရေးဌာနများ ဖွင့်လှစ်ထားသင့်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အမျိုးသမီးများအနေဖြင့် အမျိုးသားများခံစားခြင်းမရှိသော ကိုယ်ဝန်ဆောင်ကာလကျန်းမာ ရေးပြဿနာများ၊ ဓမ္မတာရာသီ ကုန်ဆုံးချိန်စောခြင်း စသည့် ပြဿနာများကြောင့်လည်း နှလုံးရောဂါများဖြစ်ပွားနိုင်ခြေ မြင့်မားမှုဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ရတနာပုံ

Photo: Medical News Today