တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် နံနက် ၆ နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ တောင်ကျောင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးသောင်းဝင်း(၅၇)နှစ်သည် ကျေးရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦးက ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ ဖမ်းဆီး ခေါ်ဆောင်ကာ တောင်ကျောင်းကျေးရွာရှိ ရွာလယ်လမ်းမပေါ်အရောက် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးသောင်းဝင်းတွင် ကျည်ထိမှန် ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA
