လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် ပရဟိတလုပ်ငန်းများကူညီဆောင်ရွက်ပေးနေသည့် အရပ်သားပြည်သူ များကိုပါ အကြမ်းဖက်ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ “ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်ကယ်ဆယ်ရေးအသင်း(ထားဝယ်)” မှ အသင်းဝင်များဖြစ်ကြသည့် ထားဝယ်မြို့နေ ဦးတင်မောင်နိုင်(၅၃)နှစ်၊ ဦးဟိုသန်း(၄၇)နှစ်နှင့် မောင်ဘုန်းမြတ်ကိုကို(၁၉)နှစ်တို့သည် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာသို့ 5Q/XXXX VOXY အမျိုးအစား မော်တော်ယာဉ်ဖြင့် နာရေးသွားရောက်ပို့ဆောင်ပေးခဲ့ပြီး အဆိုပါကျေးရွာမှ ထားဝယ်မြို့သို့ ထားဝယ်- မြိတ်ကားလမ်းအတိုင်း ပြန်လည်ထွက်ခွာလာစဉ် ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာနှင့် ညင်းထွေး ကျေးရွာကြား ရော်ဘာခြံအနီးရောက် PDF အမည်ခံ အကြမ်းဖက်သမားများ အင်အားနှစ်ဦးက မော်တော်ယာဉ်အားတားဆီးကာ ယာဉ်ပေါ်ပါလာသူများအနက် မောင်ဘုန်းမြတ်ကိုကိုအား အကြမ်းဖက် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပရဟိတလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေသည့် အရပ်သားပြည်သူ များအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူအား ပြန်လည်ကယ်တင် နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
MOHA
