ဗင်နီစီးယက်၏အေးဂျင့်အဖွဲ့က ပရီးမီးယားလိဂ် ကလပ်အသင်းများနှင့် ဆက်သွယ်ဆွေးနွေးမှုများ လုပ်ဆောင်နေ
လန်ဒန် ဒီဇင်ဘာ ၂၆
ရီးယဲလ်မက်ဒရစ်အသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် ဗင်နီစီးယက်၏အေးဂျင့်အဖွဲ့က ပရီးမီးယားလိဂ်ကလပ်အသင်းများနှင့် ချိတ်ဆက်ကာ ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
ဗင်နီစီးယက်နှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံး မည်ဖြစ်သည့်အတွက် ရီးယဲလ်မက်ဒရစ်အသင်းက ယခုဘောလုံးရာသီအစပိုင်းကတည်းက သက်တမ်း တိုးစာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးမှုများ လုပ်ဆောင် နေသော်လည်း လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေဖြစ် နေသည့်အတွက် အနာဂတ်မရေမရာဖြစ်နေခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းက ဗင်နီစီးယက်ကို ယခုဘောလုံးရာသီကုန်အထိ သက်တမ်းတိုးစာချုပ် သစ်ချုပ်ဆိုနိုင်ခြင်းမရှိပါက လာမည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင် ရောင်းချဖွယ် ရှိနေသည့်အတွက် ဗင်နီစီးယက်၏အေးဂျင့်အဖွဲ့က ဗင်နီစီးယက်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ပြောင်းရွှေ့ ကစားနိုင်ရန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထိပ်တန်း ကလပ်အသင်းများနှင့်ဆက်သွယ်ကာ ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ဗင်နီစီးယက်ကို အစောပိုင်းကတည်းက ဆော်ဒီ ထိပ်တန်းကလပ်အသင်းကြီးများက စံချိန်တင်ပြောင်း ရွှေ့ကြေး၊ စံချိန်တင်လုပ်ခလစာတို့ဖြင့် ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း ဗင်နီစီးယက်ကိုယ်တိုင်က ဥရောပတွင်သာ ဆက်လက်ကစားလိုသည့်အတွက် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။
MWD
