2025 Globe Soccer ဆုပေးပွဲအခမ်းအနားတွင် တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုကို ဒမ်ဘီလီဆွတ်ခူး
ဒူဘိုင်း ဒီဇင်ဘာ ၂၉
ဒူဘိုင်းအားကစားကောင်စီက ချီးမြှင့်ပေးအပ်သည့် 2025 Globe Soccerဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်က ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ကျင်းပရာ တစ်နှစ်တာအကောင်းဆုံးအမျိုးသား ကစားသမားဆုကို ပီအက်စ်ဂျီအသင်းမှ ဒမ်ဘီလီက ဆွတ်ခူးခဲ့ကြောင်း သိရသည်။
Globe Soccer ဆုပေးပွဲအခမ်းအနားကို ၂၀၁၀ ပြည့်နှစ်ကစတင်ကျင်းပခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပေးပွဲ အခမ်းအနားပြီးလျှင် ကစား သမားများအတွက် ခမ်းနားသည့်ဆုပေးပွဲတစ်ခုဖြစ်သည်။
Globe Soccer ဆုပေးပွဲအခမ်းအနားတွင် တစ်နှစ်တာ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ဒမ်ဘီလီက ဗီတင်ဟာ၊ အမ်ဘတ်ပီ၊ ရာဖင်ဟာနှင့် ယာမယ်တို့ကိုကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့ခြင်းဖြစ် သည်။
Globe Soccer ဆုပေးပွဲအခမ်းအနားတွင် တခြားဆုများအဖြစ် Globe Soccer တစ်နှစ်တာအကောင်း ဆုံးနည်းပြဆုကို ပီအက်စ်ဂျီ အသင်းနည်းပြ အင်းနရစ်၊ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ပီအက်စ်ဂျီအသင်းမှ ဒူအီ၊ တစ်နှစ်တာ အကောင်းဆုံးကွင်းလယ်ကစားသမားဆုကို ပီအက်စ်ဂျီအသင်းမှ ဗီတင်ဟာ၊ တစ်နှစ်တာအကောင်းဆုံး တိုက်စစ်ကစား သမားဆုကို ဘာစီလိုနာအသင်းမှ ယာမယ်၊ တစ်နှစ်တာအကောင်းဆုံး ကလပ်အသင်းဆုကို ပီအက်စ်ဂျီအသင်း၊ တစ်နှစ်တာ အကောင်းဆုံးနိုင်ငံ အသင်းဆုကို ပေါ်တူဂီအသင်း၊ အရှေ့အလယ်ပိုင်းဒေသ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အယ်နာဆာအသင်းတိုက်စစ်ကစားသမား စီရော်နယ်ဒိုတို့က ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ယာမယ်သည် တစ်နှစ်တာအကောင်းဆုံးတိုက်စစ် ကစားသမားဆုအပြင် မာရာဒိုနာဆုကိုလည်း ဆွတ်ခူးခဲ့သည်။
အဆိုပါဆုပေးပွဲအခမ်းအနားတွင် သီးခြားပေး အပ်သည့်ဆုများအဖြစ် စပိန်လာလီဂါပြိုင်ပွဲ အကောင်းဆုံးကလပ်အသင်းဆုကို ဘာစီလိုနာအသင်း၊ စပိန်လာလီဂါအကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာ အသင်းနည်းပြ ဟန်ဆီဖလစ်နှင့် စပိန်လာလီဂါ အကောင်းဆုံးကစားသမားဆုကို ဘာစီလိုနာအသင်းမှ ရာဖင်ဟာတို့က ဆွတ်ခူးခဲ့ကြကြောင်း သိရသည်။
Ref;Fabrizio Romano
MWD
