အာရှဖလား ယူ-၁၇ ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာနှင့် ထိုင်း သရေကျ
ရန်ကုန်၊ မေ ၁၃
၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ အုပ်စု (A) နောက်ဆုံးနေ့ပွဲစဉ်ကို မေလ ၁၂ ရက် ညပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့သည်။
နိုင်ပွဲရရှိရန် ကြိုးပမ်း
မြန်မာအသင်းနှင့် ထိုင်းအသင်းတို့သည် အုပ်စုဒုတိယပွဲပြီးကတည်းက နောက်တစ်ဆင့်တက်ရောက်ခွင့် ဆုံးရှုံးပြီးဖြစ်သော်လည်း ဂုဏ်သိက္ခာပိုင်းအတွက် နိုင်ပွဲရရှိရန် ကြိုးပမ်းကစားခဲ့ကြသည်။ မြန်မာအသင်းအနေဖြင့် အနိုင်သုံးမှတ်ရရှိသင့်သည့်ပွဲဖြစ်သော်လည်း နှစ်ဂိုးပြတ်ဦးဆောင်ပြီးနောက် ထိုင်းအသင်းက ချေပဂိုးနှစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သော်လည်း အတောင့်တင်းဆုံး လူစာရင်းဖြင့် ပွဲထွက်လာခဲ့သည်။ ပွဲစကတည်းက နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး စိုင်းမြတ်မင်းက ၁၉ မိနစ်နှင့် ၂၂ မိနစ်တို့တွင် နှစ်ဂိုးဆက် သွင်းယူကာ မြန်မာအသင်းကို နှစ်ဂိုးပြတ် ဦးဆောင်စေခဲ့သည်။
သို့သော် မိနစ် ၃၀ တွင် ဆူသီဖာပရာက ထိုင်းအသင်းအတွက် ပထမချေပဂိုး ပြန်လည်သွင်းယူခဲ့သဖြင့် ပထမပိုင်းအပြီးတွင် မြန်မာအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ထိုင်းအသင်းက ချေပဂိုးရရှိရန် အားပိုထည့်ကစားလာခဲ့ပြီး ၇၅ မိနစ်တွင် ဂါဘရတ်က ဒုတိယဂိုး သွင်းယူနိုင်ခဲ့သဖြင့် နှစ်ဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။
အုပ်စု (A) ၏ အခြားပွဲတွင် အိမ်ရှင် ဆော်ဒီအာရေဗျအသင်းနှင့် တာဂျစ်ကစ္စတန်အသင်းတို့ ငါးဂိုးစီ သရေကျခဲ့သည်။ အုပ်စု (A) ပွဲစဉ်များအပြီးတွင် ဆော်ဒီအာရေဗျအသင်းနှင့် တာဂျစ်ကစ္စတန်အသင်းတို့က ခုနစ်မှတ်စီဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ထိုင်းအသင်းနှင့် မြန်မာအသင်းတို့မှာ တစ်မှတ်စီသာ ရရှိကာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည်။
သတင်း- ကိုညီလေး
ဓာတ်ပုံ- MFF
MWD
