ရီးယဲလ်မက်ဒရစ်အသင်းက မော်ရင်ဟိုအား နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ရန်နီးစပ်နေပြီး နောက်ဆုံးအဆင့်ဆွေးနွေးမှုများပြုလုပ်နေ
မက်ဒရစ် မေ ၁၃
ရီးယဲလ်မက်ဒရစ်အသင်းက ယခုဘောလုံးရာသီ အကုန်တွင် နည်းပြသစ်အဖြစ် နည်းပြမော်ရင်ဟိုအား ခန့်အပ်နိုင်ရန်နီးစပ်နေပြီး နောက်ဆုံးအဆင့်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုဘောလုံးရာသီတွင် နည်းပြသစ်အဖြစ် နည်းပြအလွန်ဆိုအား ခန့်အပ်ခဲ့သော်လည်း နည်းပြအလွန်ဆိုနှင့် အသင်းမှ အဓိကကစားသမားများကြား ဆက်ဆံရေး တင်းမာမှုများကြောင့် ရာသီဝက်ကာလတွင် နည်းပြ အလွန်ဆိုအား ရာထူးမှထုတ်ပယ်ပြီး ယခုဘောလုံး ရာသီကုန်အထိ ယာယီနည်းပြအဖြစ် နည်းပြ အာဘီလိုအာအား တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် နည်းပြ အာဘီ လိုအာလက်အောက်တွင် ရလဒ်များ မတည်မငြိမ်ဖြစ်ခဲ့ပြီး စပိန်လာလီဂါပြိုင်ပွဲတွင် ချန်ပီယံဆုလက် လွှတ်ခဲ့ရပြီးနောက် ရာသီအကုန်တွင် နည်းပြသစ် ခန့်အပ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
နည်းပြမော်ရင်ဟိုသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ ရီးယဲလ်မက်ဒရစ်အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး စပိန်လာလီဂါဖလား၊ စပိန်ကိုပါဒယ်ရေးဖလားနှင့် စပိန်စူပါဖလားတို့ကိုဆွတ်ခူးနိုင်ခဲ့ပြီး အသင်းကိုအောင်မြင်မှုများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်က နည်းပြ သစ်ကို ဥရောပတွင် အတွေ့အကြုံရှိသည့် ဝါရင့်နည်းပြကို ခန့်အပ်မည်ဟု အတည်ပြုခဲ့ပြီးနောက် ဥရောပတွင် ချယ်လ်ဆီးအသင်း၊ မန်ယူအသင်း၊ အင်တာမီလန်အသင်း စသည့်အသင်းများနှင့် ဥရောပအတွေ့အကြုံ အများအပြားရှိသည့် နည်းပြမော်ရင်ဟို အား ခန့်အပ်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။
နည်းပြမော်ရင်ဟိုသည် ဖီနာဘာချီအသင်းနှင့် လမ်းခွဲပြီးနောက် ယခုဘောလုံးရာသီတွင် ဘင်ဖီကာ အသင်းကို နှစ်နှစ်စာချုပ်ဖြင့် တာဝန်ယူကိုင်တွယ် နေသူဖြစ်ပြီး အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးရန် တစ်နှစ်ကျန်ရှိနေသေးသော်လည်း ရီးယဲလ်မက် ဒရစ်အသင်းက ရာသီအကုန်တွင် နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆွေးနွေးမှုများလုပ်ဆောင်နေခြင်းဖြစ်ကာ မကြာမီခန့်အပ်နိုင်ရန် နီးစပ်လျက်ရှိကြောင်း သိရသည်။
Ref;Fabrizio Romano
MWD
