ထိုင်းနိုင်ငံတွင် ဆေးခြောက်ဆိုင်များအပေါ် စည်းမျဉ်းစည်းကမ်းများ တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်လာ

News Image

  • ထိုင်းနိုင်ငံတွင် ဆေးခြောက်ဆိုင်များအပေါ် စည်းမျဉ်းစည်းကမ်းများ တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်လာ

အစိုးရသစ် တာဝန်မယူမီ ဆေးခြောက်နှင့်ပတ်သက်သည့် ဝန်ကြီးဌာန စည်းမျဉ်းအသစ်ကို ပြဋ္ဌာန်းနိုင်ရန် ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေး ဝန်ကြီး ဌာနက တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး ယခုအခါ အဆိုပါမူကြမ်းကို နိုင်ငံတော်ကောင်စီရုံး (Office of the Council of State) က ပြန်လည် စစ်ဆေးနေပြီဖြစ်သည်။

ဥပဒေကြောင်းအရ စိစစ်ရန် မကြာသေးမီကပေးပို့ခဲ့သော အဆိုပါ စည်းမျဉ်းသည် ဆေးခြောက်ကဏ္ဍတွင် ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ယင်းစည်းမျဉ်းအရ ဆေးခြောက် ရောင်းချ မှုကို ဆေးရုံများ၊ ဆေးခန်းများ၊ ဆေးဝါးကျွမ်းကျင် အရောင်းဆိုင်များ၊ တိုင်းရင်းဆေးခန်းများနှင့် ခွင့်ပြုချက်ရရှိထားသော တိုင်းရင်းဆေး ကုသရာ နေရာများကဲ့သို့ သတ်မှတ်ထားသော နေရာများတွင်သာ ကန့်သတ် ရောင်းချ ရမည် ဖြစ်သည်။ ရောင်းချသူများသည် ထိုင်းနိုင်ငံ တိုင်းရင်းဆေးနှင့် အစားထိုးဆေးပညာဦးစီးဌာနထံမှ လိုင်စင်ရယူရန် လိုအပ်သည့်အပြင် မဖြစ်မနေတက်ရောက်ရမည့် သင်တန်းများကိုလည်း တက်ရောက်ရမည် ဖြစ်သည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီး Pattana Promphat က ဝန်ကြီးဌာနအနေဖြင့် အဆိုပါမူကြမ်းကို စဉ်းစားအတည်ပြုရန် တင်ပြထားပြီး ဖြစ်သော်လည်း အချိန်မီ အတည်ပြုချက်ရရှိ၊ မရှိမှာမူ မသေချာသေးကြောင်း ပြောကြားခဲ့သည်။ "အဆိုပါစည်းမျဉ်းက မိမိဆီရောက်လာသည်နှင့် ချက်ချင်း လက်မှတ်ရေးထိုး သွားမည်ဖြစ်ပြီး အတည်ဖြစ်လာမှာပါ" ဟု ၎င်းက ဆိုသည်။

"အစိုးရသစ်လက်ထက်မှာ ဆေးခြောက်ဆိုင်ရာ မူဝါဒတွေပြောင်းလဲသွားမလား ဆိုသည်ကို မိမိ ကြိုတင်ခန့်မှန်း၍ မရသော်လည်း လက်ရှိ လမ်းကြောင်းအတိုင်းပဲ ဆက်သွားမည်ဆိုပါက အဆိုပါ ဥပဒေကြမ်း သည် ဆက်လက်အသက်ဝင်သွားမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ မူကြမ်းသည် ကြန့်ကြာမှုများရှိနေခဲ့လျှင်ပင် အစိုးရအဖွဲ့ (Cabinet) ထံသို့ ပြန်လည်တင်ပြရန်မလိုအပ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ဝန်ကြီးအသစ်တစ်ဦး တက်လာပါက မူဝါဒလမ်းစဉ်အပေါ်မူတည်၍ အဆိုပါ မူကြမ်းကို ဆက်လက်အကောင်အထည်ဖော်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် လက်ရှိ၌ မှတ်ပုံတင် ထားသော ဆေးခြောက်အရောင်းဆိုင်ပေါင်း ၁၈,၄၃၃ ဆိုင် ရှိကြောင်း သိရှိရသည်။ အဆိုပါဆိုင်များအနက် ၈,၆၃၆ ဆိုင်မှာ ပြီးခဲ့သည့်နှစ်တွင် လိုင်စင်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီး ဆိုင်ပေါင်း ၁,၃၃၉ ဆိုင်သာ လိုင်စင်သက်တမ်း ပြန်လည်တိုးမြှင့်ခဲ့ကြသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂