ဂရင်းလန်းကျွန်းအရေး အမေရိကန်သမ္မတကို ဟန့်တားရန် ဗြိတိန်နှင့် ဂျာမနီ ကြိုးပမ်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို သိမ်းပိုက်ခြင်း မှ တားဆီးရန် ရည်ရွယ်သည့် စီမံကိန်းများကို ဗြိတိန်နှင့် ဂျာမနီတို့က ရေးဆွဲနေကြကြောင်း Bloomberg နှင့် The Telegraph သတင်း ဌာန များက ယခုသီတင်းပတ်ကုန်တွင် ဖော်ပြခဲ့ကြသည်။
အာတိတ်ဒေသတွင် ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန် လိုအပ်ခြင်းနှင့် မဟာဗျူဟာမြောက်တည်ရှိမှုကို ကိုးကား၍ ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို အမေရိကန်က ထိန်းချုပ်သင့်သည်ဟု ထရမ့်က ကာလရှည်ကြာ ပြောဆိုခဲ့သည်။ ၎င်း၏ ရပ်တည်ချက်ကြောင့် ဒိန်းမတ်နိုင်ငံဘက်မှ စုပေါင်းရပ်တည်ပေးနေကြသည့် ဥရောပ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံအချို့နှင့် ထိပ်တိုက်တွေ့လျက် ရှိသည်။
ဘာလင်နှင့် လန်ဒန်တို့သည် ထရမ့်၏ လုံခြုံရေးဆိုင်ရာ အကြောင်းပြ ချက်ကို အားပျော့သွားစေရန် ထိုဒေသအတွင်း နေတိုး၏ ပါဝင် ပတ်သက်မှု ကို တိုးမြှင့်ရန် ရှာဖွေနေကြသည်။ ဂျာမနီ၏ အဆိုပြုချက်တွင် ‘Arctic Sentry’ ဟု အမည်ပေးထားသော နေတိုးပူးတွဲမစ်ရှင်တစ်ခု ပါဝင်ကြောင်းဆွေးနွေးမှုများနှင့် နီးစပ်သည့် တာဝန်ရှိသူများကို ကိုးကား၍ Bloomberg က ဖော်ပြခဲ့သည်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ယခု သီတင်းပတ် အတွင်း ထိုကိစ္စကို ဆွေးနွေးရန် မျှော်လင့်ရသည်။
“မိမိ၏ ခရီးစဉ်မှာ နေတိုးအဖွဲ့အတွင်း ထိုတာဝန်ကို မိမိတို့အနေဖြင့် မည်ကဲ့သို့ အကောင်းဆုံး ထမ်းဆောင်နိုင်မလဲဆိုသည်ကို ဆွေးနွေးချင် ပါသည်” ဟု Wadephul က တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၁) တွင် သတင်း ထောက်များကို ပြောကြားခဲ့သည်။
The Telegraph ၏ ဖော်ပြချက်အရ ဗြိတိန်တာဝန်ရှိသူများသည် ဂရင်းလန်း ကျွန်းတွင် နေတိုးမစ်ရှင်တစ်ခု ဖြစ်ပေါ်လာစေရေး စီမံချက်များ ရေးဆွဲရန် အတွက် ဂျာမနီ၊ ပြင်သစ်တို့မှ တာဝန်ရှိသူများနှင့်လည်း မကြာသေးမီ ရက်ပိုင်းအတွင်းက တွေ့ဆုံခဲ့ကြသည်။ အဆိုပါ အဆိုပြုချက်များကို ကြာသပတေးနေ့ (ဇန်နဝါရီ ၈) က ပြုလုပ်ခဲ့သော နေတိုး အစည်းအဝေး တွင် ဆွေးနွေးခဲ့ကြကြောင်း သတင်းစာက ဆိုသည်။
လန်ဒန်က အကြံပြုထားသော ရွေးချယ်စရာများထဲတွင် စစ်ရေး လေ့ကျင့်မှု များ ပြုလုပ်ခြင်း၊ ထောက်လှမ်းရေးသတင်း အပြန်အလှန်ဖလှယ်ခြင်း၊ ကာကွယ်ရေးအသုံးစရိတ်ကို ပစ်မှတ်ထားသုံးစွဲခြင်းနှင့် ဂရင်းလန်းသို့ အလုံးအရင်းဖြင့် တပ်ဖြန့်ချထားခြင်းတို့ ပါဝင်ကြောင်း The Telegraph က ဆက်လက်ဖော်ပြခဲ့ပြီး၊ အဆိုပါ စီမံကိန်းမှာ အစောပိုင်းအဆင့်တွင် သာ ရှိသေးကြောင်း မှတ်ချက်ပြုထားသည်။
ထရမ့်ကမူ "၎င်းတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ" အမေရိကန် က ဂရင်းလန်းကို ရယူသွားမည်ဖြစ်ကြောင်း စနေနေ့ (ဇန်နဝါရီ ၁၀) တွင် ပြောကြားခဲ့ပြီး လိုအပ်ပါက "တင်းမာသောနည်းလမ်း" (The hard way) ဖြင့် လုပ်ဆောင်သွားမည်ဟု သတိပေးခဲ့သည်။ အမေရိကန်သည် အဆိုပါ ကျွန်းကို ဝယ်ယူရန်နှင့် ဒေသခံများအား ငွေကြေးဆိုင်ရာ မက်လုံးများ ပေးရန် စဉ်းစားနေကြောင်း သတင်းဌာနများက ဖော်ပြနေကြသော်လည်း အိမ်ဖြူတော်ကမူ အင်အားသုံးရန် ဖြစ်နိုင်ခြေကို ပယ်ချခြင်း မရှိပေ။
တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၁) တွင် Daily Mail က ဖော်ပြခဲ့ရာ၌ ထရမ့် သည် ဂရင်းလန်းကျွန်းကို ကျူးကျော်ဝင်ရောက်နိုင်မည့် ဖြစ်နိုင်ခြေ ရှိသော စီမံချက်များကို ရေးဆွဲရန် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများကို အမိန့် ပေးခဲ့သည်ဟု ဆိုသည်။ ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင် အပါအဝင် ဥရောပတာဝန်ရှိသူ အများအပြားကမူ နေတိုးအဖွဲ့ဝင် အချင်းချင်း အပေါ် စစ်ရေးအရ တိုက်ခိုက်ခြင်းသည် မဟာမိတ်အဖွဲ့ကြီးအား ခေတ်ကုန် သွားစေလိမ့်မည် (အသုံးမဝင်တော့အောင် ဖြစ်သွားစေမည်) ဟု သတိ ပေးထားကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,