ဂျပန်-တရုတ် ဆက်ဆံရေးအေးစက်နေစဉ် ဂျပန်ရှိ နောက်ဆုံးပန်ဒါများကို တရုတ်သို့ ပြန်လည်ပို့ဆောင်

News Image

  • ဂျပန်-တရုတ် ဆက်ဆံရေးအေးစက်နေစဉ် ဂျပန်ရှိ နောက်ဆုံးပန်ဒါများကို တရုတ်သို့ ပြန်လည်ပို့ဆောင်

တိုကျိုမြို့ရှိ Ueno တိရစ္ဆာန်ဥယျာဉ်၏ နာမည်ကျော် ပန်ဒါအမွှာများဖြစ်သော ရှောင်ရှောင် (Xiao Xiao) နှင့် လဲ့လဲ့ (Lei Lei) တို့ကို နှုတ်ဆက်ရန်အတွက် ပန်ဒါချစ်သူ ပရိသတ်များသည် တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၅) က အုပ်စုလိုက် စုရုံးရောက်ရှိခဲ့ကြသည်။ ၎င်းတို့ကို ယခု သီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ယခု အသက် ၄ နှစ်အရွယ် ပန်ဒါနှစ်ကောင် ထွက်ခွာသွား ပြီးနောက် ဂျပန်နိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး အကြိမ် အဖြစ် ပန်ဒါဝက်ဝံ လုံးဝမရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ် ခြင်း၏ အထိမ်းအမှတ်အဖြစ် စေတနာရှေ့ထားသည့် လက်ဆောင်တစ်ခု အဖြစ် ၁၉၇၂ ခုနှစ်တွင် ဂျပန်သို့ ပန်ဒါဝက်ဝံများကို ပထမဆုံး စေလွှတ် ခဲ့သည်။ ပေကျင်း၏ "ပန်ဒါ သံတမန်ရေးရာ" ဟု ခေါ်ဆိုသည့် မူဝါဒအရ တရုတ်နိုင်ငံသည် ၎င်းတိရစ္ဆာန်များကို နိုင်ငံတော်၏သင်္ကေတနှင့် ချစ်ကြည်ရေးသံတမန်များအဖြစ် သတ်မှတ်ကာ ဆက်ဆံရေး ခိုင်မြဲစေ လိုသော နိုင်ငံများသို့ ငှားရမ်းထားခြင်းဖြစ်ပြီး ပိုင်ဆိုင်ခွင့်ကိုမူ ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်။

လက်ရှိတွင် တိုကျိုနှင့် ပေကျင်းတို့အကြား ဆက်ဆံရေးသည် နှစ်ပေါင်း များစွာအတွင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် နောက်ထပ် ပန်ဒါအသစ်တစ်စုံ ရရှိနိုင်မည့် အခွင့်အလမ်းမှာ အလွန်နည်းပါးနေသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဖြစ်သော ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ရန် ကြိုးပမ်းလာပါက ဂျပန်နိုင်ငံအနေဖြင့် စစ်ရေးအရ ပါဝင်ပတ်သက်လာနိုင်သည်ဟု ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) က နိုဝင်ဘာလတွင် ပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံအကြား စကားစစ် ထိုးပွဲများ ဖြစ်ပွားခဲ့သည်။ အကယ်၍ ပဋိပက္ခသည် နိုင်ငံ၏တည်ရှိမှုကို ခြိမ်းခြောက်လာပါက ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များကို ဖြန့်ကြက် ချထားနိုင်ကြောင်း သူမက ပြောကြားခဲ့ပြီး ဂျပန်ပိုင်နက်သည် ထိုင်ဝမ် နှင့် ကီလိုမီတာ ၁၁၀ ခန့်သာ ကွာဝေးကြောင်းလည်း ထောက်ပြခဲ့သည်။

ပေကျင်းအစိုးရက ထိုပြောကြားချက်များသည် ၎င်းတို့နိုင်ငံအပေါ် "စစ်ရေးအရ ခြိမ်းခြောက်မှု" ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုကာ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့နောက် နှစ်နိုင်ငံလုံးက တစ်ဖက်နိုင်ငံ၏ သံအမတ်ကြီးများကို အသီးသီး ဆင့်ခေါ်ခဲ့ကြပြီး တရုတ်နိုင်ငံကလည်း ဂျပန်သို့ သွားရောက်မည့် ခရီးသွားများနှင့် ကျောင်းသားများအတွက် တရားဝင် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

၁၉၄၉ ခုနှစ် ပြည်တွင်းစစ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် တရုတ် အမျိုးသား ရေးဝါဒီ တပ်ဖွဲ့များသည် ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာသွားခဲ့ပြီး ထိုအချိန်မှ စ၍ ၎င်းကျွန်းကို တရုတ်သမ္မတနိုင်ငံ (Republic of China) အဖြစ် အုပ်ချုပ်ခဲ့ကြသည်။ ပေကျင်းအစိုးရကမူ "တရုတ်တစ်နိုင်ငံတည်း မူဝါဒ" (One China policy) အရ ထိုင်ဝမ်ကျွန်းကို ၎င်း၏အချုပ်အခြာ အာဏာပိုင် နယ်နိမိတ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။

ထိုင်ဝမ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် ရုရှား၏ ထောက်ခံမှုကို ၂၀၀၁ ခုနှစ် ဇူလိုင်လတွင် မော်စကိုနှင့် ပေကျင်းတို့အကြား လက်မှတ် ရေးထိုးခဲ့သည့် "အိမ်နီးချင်းကောင်း ပီသမှုနှင့် ချစ်ကြည် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်" တွင် အတိအလင်း ထည့်သွင်းဖော်ပြ ထားသည်။ အနောက်နိုင်ငံအချို့သည် ထိုင်ဝမ်၏ ငွေကြေးနှင့် နည်းပညာမှ အကျိုး အမြတ်ရယူရန် စိတ်အားထက်သန်နေကြပြီး ထိုင်ဝမ်ကျွန်းကို ပေကျင်း အစိုးရအား "စစ်ရေးနှင့် မဟာဗျူဟာအရ ဟန့်တားရန်" ကိရိယာ တစ်ခု အဖြစ် အသုံးပြုနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် (Sergey Lavrov) က လွန်ခဲ့သည့်နှစ် အစောပိုင်းတွင် ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂