မိသားစုဝင်အားလုံး ဆုံးပါးပြီးနောက် တရုတ်တစ်နိုင်ငံလုံးသို့ ဆယ်စုနှစ်သုံးခုခန့် စက်ဘီးဖြင့် လှည့်လည်ခရီးနှင်နေသည့် အသက် ၉၀ နှစ်အရွယ် ကျန်းကျုံးရိ

News Image

  • မိသားစုဝင်အားလုံး ဆုံးပါးပြီးနောက် တရုတ်တစ်နိုင်ငံလုံးသို့ ဆယ်စုနှစ်သုံးခုခန့် စက်ဘီးဖြင့် လှည့်လည်ခရီးနှင်နေသည့် အသက် ၉၀ နှစ်အရွယ် ကျန်းကျုံးရိ

     တရုတ်နိုင်ငံ ဟေနန်ပြည်နယ် ကိုင်ဖုန်းမြို့မှ အသက် ၉၀ နှစ်အရွယ် အဘိုးတစ်ဦးဖြစ်သူ ကျန်းကျုံးရိသည် တရုတ်တစ်နိုင်ငံလုံးသို့ လွန်ခဲ့သော ဆယ်စုနှစ်သုံးခုခန့်ကတည်းက  စက်ဘီးဖြင့် လှည့်လည် ခရီးနှင်လျက်ရှိကြောင်း တရုတ်မီဒီယာကြီးတစ်ခုကဖော်ပြသည်။

ကျန်းသည် ၎င်း၏ခရီးကို စတင်ထွက်ခွာ စဉ်က နှစ်ဘီးတပ်စက်ဘီးကို အသုံးပြုခဲ့သော်လည်း  နောက်ပိုင်းတွင်  သုံးဘီးစက်ဘီးသို့  ပြောင်းလဲစီးနင်းခဲ့ရသည်။ လမ်းခရီးတစ်လျှောက်တွင်    ဒေသခံတစ်ဦး၏ကူညီပေးမှုကို  ရရှိပြီးနောက် ထိုသူက ကျန်း၏ဖြစ်ကြောင်းကုန်စင်ကို အွန်လိုင်းပေါ်သို့ ရေးသားမျှဝေလိုက်သော အခါ တစ်နိုင်ငံလုံးတွင် ထင်ရှားလာခဲ့ခြင်းဖြစ်သည်။ 

ကျန်း၏   ဖြစ်ကြောင်းကုန်စင်ကို တရုတ်နိုင်ငံ၏ အထင်ကရ South China Morning Post မဂ္ဂဇင်း၌ ဧပြီလ ၅ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါဖော်ပြချက်အရ ၁၉၉၀ ပြည့်နှစ်က ကျန်းသည် ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးတစ်ခုကြုံခဲ့ရပြီး  ၎င်း၏သား၊ ချွေးမနှင့် ရှစ်နှစ်အရွယ် မြေးဖြစ်သူတို့ ကားမတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ၎င်း၏ဇနီးဖြစ်သူမှာလည်း အဆိုပါဝမ်းနည်းကြေကွဲမှုကို   မခံစားနိုင်သောကြောင့်   တစ်နှစ်အကြာတွင် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ထို့ကြောင့် ကျန်းသည် နှစ်နှစ်အတွင်း မိသားစုဝင်အားလုံးကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်းတွင် ၎င်းအနေဖြင့် ထိုအချိန်မှစ၍နေအိမ်ကို စွန့်ခွာပြီး လမ်းပေါ်တွင်သာ နေထိုင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းခရီးတွင် ကျန်းနှင့်တွေ့ကြုံသူများက ကျန်းအား အစားအသောက်ကျွေးမွေးခြင်း၊ အဝတ်အစားများ ပေးအပ်ခြင်းနှင့် လမ်းညွှန်ပြခြင်းတို့ဖြင့် ကူညီပေးခဲ့ကြကြောင်း သိရသည်။ 

MWD