မော်စကိုမြို့၌ ရုရှားထောက်လှမ်းရေး အဆင့်မြင့်အရာရှိကြီးတစ်ဦး လုပ်ကြံခံရမှုဖြစ်ပွား

News Image

  • မော်စကိုမြို့၌ ရုရှားထောက်လှမ်းရေး အဆင့်မြင့်အရာရှိကြီးတစ်ဦး လုပ်ကြံခံရမှုဖြစ်ပွား

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်တွင် သောကြာနေ့ (ဖေဖော်ဝါရီ ၆) က ဖြစ်ပွားခဲ့သော လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းမှုဟု ယူဆရသည့် ဖြစ်စဉ်တစ်ခုအတွင်း ရုရှားစစ်ဘက်ထောက်လှမ်းရေး အဆင့်မြင့် အရာရှိကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကာ ဒဏ်ရာရရှိသွားကြောင်း စုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ပြန်ခဲ့သည်။

ရုရှားစစ်ဘက်ထောက်လှမ်းရေး ညွှန်ကြားမှုဦးစီးဌာန (GRU) ၏ ဒုတိယ အကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဆီးယက်ဗ် (Vladimir Alekseev) သည် မြို့တော်အနောက်ဘက်ပိုင်းရှိ ၎င်း၏ နေအိမ်အပြင်ဘက်တွင် သေနတ်သမား၏ ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ၎င်း၏ ကျောကုန်းသို့ သေနတ်ကျည်ဆန် အကြိမ်ကြိမ် ထိမှန်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဒုတိယဗိုလ်ချုပ်ကြီး အလက်ဆီးယက်ဗ်အား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားပြီးဖြစ်သော်လည်း ၎င်း၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

သေနတ်သမားသည် အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားသဖြင့် ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် လိုက်လံရှာဖွေလျက်ရှိသည်။ စုံစမ်းစစ်ဆေးရေးမှူးများနှင့် မှုခင်းဆေးပညာကျွမ်းကျင်သူအဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာ၌ လိုအပ်သော စစ်ဆေးမှုများနှင့် သက်သေခံချက်များ စုဆောင်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂