အီရန်နိုင်ငံအပေါ် ၃၇ ရက်နီးပါးကြာ စစ်ဆင်ရေးကာလအတွင်း အမေရိကန်က ဒေါ်လာ ၄၂ ဒသမ ၁ ဘီလီယံကျော် အသုံးပြုခဲ့ရဟုဆို
အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံအပေါ် ၃၇ ရက်နီးပါကြာ စစ်ဆင်ရေးကာလအတွင်း အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၁ ဘီလီယံကျော် အသုံးပြုခဲ့ရကြောင်း အီရန်စစ်ပွဲ ကုန်ကျစရိတ်အား ခြေရာခံသည့် ဝက်ဆိုက်ကဖော်ပြသည်။
အဆိုပါဝက်ဆိုက်၏ အချိန်နှင့်တစ်ပြေးညီ တွက်ချက်မှုများသည် မတ်လ ၁၀ ရက်က အမေရိကန်လွှတ်တော်သို့ တင်ပြခဲ့သည့် ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာအပေါ် အခြေခံထားခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါအစီရင်ခံစာတွင် အရှေ့အလယ်ပိုင်းဒေသ၌ စစ်မီးစတင်တောက်လောင်ခဲ့သည့် ပထမဆုံး ခြောက်ရက်အတွင်း အမေရိကန်အစိုးရက ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံ အသုံးပြုခဲ့ရပြီး နောက်ပိုင်း ရက်များတွင် တစ်ရက်လျှင် ပျမ်းမျှ ဒေါ်လာ ၁ ဘီလီယံခန့် ထပ်မံသုံးစွဲရန် လျာထားခဲ့ကြောင်း ဖော်ပြထားသည်။
အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်အပေါ် စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး တီဟီရန်အပါအဝင် အီရန်၏ အဓိကမြို့ကြီးများ တိုက်ခိုက်ခံခဲ့ရသည်။
အလားတူပင် အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကလည်း အမေရိကန်နှင့် အစ္စရေးတို့အား တုံ့ပြန်သည့် အနေဖြင့် အစ္စရေး၊ ဘာရိန်း၊ ဂျော်ဒန်၊ အီရတ်၊ ကာတာ၊ ကူဝိတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နှင့် ဆော်ဒီအာရေဗျ နိုင်ငံများအတွင်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းများကို ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
MWD
