ONE Friday Fights 143 ပြိုင်ပွဲတွင် ပရိသတ်အထူးစိတ်ဝင်စားသည့် ဘရော်နီကာနှင့်ရှီယာကိုဟန်တို့ ခေါင်တွဲဆိုင်းထိုးသတ်မည်

News Image

  • ONE Friday Fights 143 ပြိုင်ပွဲတွင် ပရိသတ်အထူးစိတ်ဝင်စားသည့် ဘရော်နီကာနှင့်ရှီယာကိုဟန်တို့ ခေါင်တွဲဆိုင်းထိုးသတ်မည်

ရန်ကုန်   ဖေဖော်ဝါရီ  ၁၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌  ၂၀၂၆ ခုနှစ်ဖေဖော်ဝါရီလ ၂၀ ရက် ညပိုင်းတွင် ကျင်းပမည့် ONE Friday Fights 143 ပြိုင်ပွဲတွင် ပရိသတ်များအထူးစိတ်ဝင်စားကြသည့် မြန်မာဖိုက်တာဘရော်နီကာနှင့် အစ္စရေးမွေထိုင်းဖိုက်တာ ရှီယာကိုဟန်တို့ ခေါင်တွဲဆိုင်း၌ ထိုးသတ်ကြမည်ဖြစ်သည်။ သူတို့နှစ်ဦးသည် မာဂုဏ်မြင့်ဖိုက်တာနှစ်ဦးဖြစ်ကြပြီး ယင်းပွဲတွင်အနိုင်ရရှိသူက ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ရရှိမည်ဖြစ်၍လည်း ပွဲကပို၍လှုပ်ခတ်မှုရှိလာခဲ့ခြင်းဖြစ်သည်။ 

မြန်မာဖိုက်တာဘရော်နီကာသည် ONE တွင်သုံးပွဲထိုးသတ်ထားပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားသည့်ကစားသမားဖြစ်သည်။ ဆိုင်ထိုးပြိုင်ထိုးမှုကိုအားသန်ပြီး အမြင့်ကန်ချက်၊ တံတောင်ရိုက်ချက်တွေနဲ့ မာဂုဏ်မြင့်ဖိုက်တာတစ်ဦးလည်းဖြစ်သည်။ ဂျူနီယာဖဲတက်နှင့်ကစားခဲ့သည့်ပွဲတွင် သူ၏မာဂုဏ်မြင့်မှု နှင့် လက်ဝှေ့ကျွမ်းကျင်မှုကိုမြင်တွေ့နိုင်သည်။ ဂျူနီယာဖဲတက်သည် ခုနစ်ပွဲအနိုင်ရပြီးမှ ဘရော်နီကာကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။ 

ဘရော်နီကာရဲ့   လက်သီးထိုးချက်များသည် တော်ရုံဖိုက်တာတွေတောင် ခံနိုင်ရည် သိပ်မရှိဘူးလို့လည်း ပြောစမှတ်တွင်သူဖြစ်သည်။ သူသည် ONEချန်ပီယံရှစ်ပွဲဦးထွက်တွင်  ချီလီဖိုက်တာဖရန်စီကာကို အမှတ်နဲ့ရှုံးခဲ့ပေမယ့် နောက်ပွဲစဉ်နှစ်ပွဲမှာတော့ သူ့ရဲ့ပုံမှန်လက်ရည်ကို ပြသကာ ပြိုင်ဘက်တွေကို အကောင်းဆုံးထိုးသတ်အနိုင်ယူခဲ့သူ ဖြစ်သည်။ 

ဘရော်နီကာနှင့်ထိုးသတ်ခဲ့သည့် ဂျူနီယာဖဲတက်သည် မျက်နှာတစ်ခုလုံးဖူးရောင်သွားပြီး ဒီဒဏ်ရာတွေကြောင့်ပဲ မွေထိုင်းလောကကနေ အနားယူသွားတယ်လို့ သတင်းတွေထွက်ခဲ့သည်။ လီမင်ရူးနှင့်ပွဲတွင်လည်း ဘရော်နီကာ၏ လက်သီးချက်ထိမှန်မှုကြောင့် လီမင်းရူးမျက်ခုံးရိုးကွဲသွားပြီးချုပ်ခဲ့ရကြောင်းလည်း သတင်းထွက်ခဲ့သည်။

ဘရော်နီကာ၏ပြိုင်ဘက်ဖြစ်သူ ရှီယာကိုဟန်သည် ONE တွင်သုံးပွဲထိုးထားပြီး သုံးပွဲဆက်တိုက် အနိုင်ရထားသူဖြစ်သည်။ ယင်းသုံးပွဲတွင် တစ်ပွဲကအလဲထိုးအနိုင်ရရှိပြီး   နှစ်ပွဲကတော့အမှတ်နဲ့အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။ အမှတ်နှင့်နိုင်သည့်နှစ်ပွဲတွင်လည်း အသာစီးထိုးသတ်အနိုင်ယူခဲ့ခြင်းဖြစ်ကာ ဘရော်နီကာကိုအနိုင်ယူခဲ့သည့် ဖရန်စီကာဗီရာကိုပင် အနိုင်ထိုးသတ်ထားသူလည်း ဖြစ်သည်။ ရှီယာကိုဟန်သည် မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ ကျော်စွာဝင်း သွားရောက်လေ့ကျင့်နေသည့် ထိုင်းနိုင်ငံ Fairtex Training Center ၌ နေထိုင်လေ့ကျင့်နေသူဖြစ်ပြီး မြန်မာနိုင်ငံသားများနှင့်မြန်မာ့ရိုးရာလက်ဝှေ့ကို လေးစားတန်ဖိုးထားသူမို့  မြန်မာပရိသတ်နှင့်မစိမ်းသူလည်းဖြစ်သည်။ သူသည်ဆယ်ကျော်သက် အရွယ်ကတည်းက ကစ်ဘောင်ဆင်ကို ထိုးသတ်ခဲ့သူဖြစ်ပြီး  ခြေရောလက်ပါ ခပ်သွက်သွက်ဖြင့် တိုက်စစ်ဆင်ကစားနိုင်သူဖြစ်သည်။

ရှီယာကိုဟန်သည် မွေထိုင်းပညာကိုအကျွမ်းတဝင်ရှိသူဖြစ်သည်။ လျင်လျင်မြန်မြန်ကစားကာ သူ၏လက်သီးတွဲလုံး တံတောင်ရိုက်ချက်တွေနဲ့ ပြိုင်ဘက်ကိုဖိအား ပေးထိုးသတ်တတ်သူဖြစ်ပြီး အပူးအသတ်တွင်လည်းရိုက်ဒူး၊ တံတောင်တို့ဖြင့် အမှတ်ယူကစားနိုင်သည့် မာဂုဏ်မြင့်ကစားသမားဖြစ်သည်။  ဘရော်နီကာသည် ရှီယာကိုဟန်ထက်အရပ်အနည်းငယ်မြင့်ပြီး ခန္ဓာကိုယ်လည်းဖွံ့ဖြိုးသည်။ သူ၏အားပါလွန်းသည့်လက်သီးထိုးချက်တွေနဲ့ ရှီယာကိုဟန်ကိုအနိုင်ယူနိုင်မလား၊ လူငယ်ဖိုက်တာ ရှီယာကိုဟန်ကပဲ လျင်မြန်သည့်လက်သီးတွဲလုံးတွေနဲ့ အနိုင်ယူသွားမလားဆိုတာကတော့ မကြာမီစောင့်ကြည့်အားပေးရမည် ဖြစ်သည်။ 

 ဝန်းရံခ

MWD