တောင်အာဖရိကဆိုင်ရာ အမေရိကန် သံအမတ်ကြီးအသစ် Leo Brent Bozell III ပရီတိုးရီးယားသို့ ရောက်ရှိ
တောင်အာဖရိကနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအသစ် Leo Brent Bozell III သည် ပရီတိုးရီးယားမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သံရုံးအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Reuters သတင်းဌာနက တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၆) တွင် ဖော်ပြခဲ့သည်။ ဝါရှင်တန်နှင့် အာဖရိက၏ စက်မှုအထွန်းကားဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် တောင်အာဖရိက တို့အကြား သံတမန်ရေးရာတင်းမာမှုများ မြင့်တက်နေချိန်တွင် ၎င်းက တာဝန်စတင်ထမ်းဆောင်ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်မတ်လတွင်ခန့်အပ်ခဲ့ပြီး ဒီဇင်ဘာလတွင် အထက်လွှတ်တော်က အတည်ပြုခဲ့သည့် Bozell သည် လာမည့်ရက်ပိုင်းအတွင်း တောင်အာဖရိကသမ္မတ စိုင်ရေးလ် ရာမာဖိုဆာ ထံ သံအမတ်ခန့်အပ်လွှာပေးအပ်ကာ ၎င်း၏ သက်တမ်းကို တရားဝင် စတင်မည်ဟု မျှော်လင့်ရသည်။
ယခင်သံအမတ် Reuben Brigety သည် တောင်အာဖရိကက ရုရှားထံ လက်နက်များ ထောက်ပံ့ခဲ့သည်ဟု လူသိရှင်ကြားစွပ်စွဲပြောဆိုခဲ့ရာမှ လပေါင်းများစွာ သံတမန်ရေးရာ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် နုတ်ထွက်သွားခဲ့သည်။ ၎င်းနောက်ပိုင်း တစ်နှစ်ကျော်ကြာ ပရီတိုးရီးယားတွင် အမေရိကန်သံအမတ်မရှိဘဲဖြစ်နေခဲ့ရာမှ ယခု Bozell ရောက်ရှိလာခြင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ် မတ်လတွင်လည်း တောင်အာဖရိက သံအမတ်ကြီး Ebrahim Rasool က အမေရိကန်၏ မူဝါဒများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့်အတွက် အမေရိကန် တာဝန်ရှိသူများက ၎င်းကို ‘Persona non grata’ (လက်မခံနိုင်သောသူ) အဖြစ်သတ်မှတ်ကာ နှင်ထုတ်ခဲ့သဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုဆိုးရွားသွားခဲ့သည်။
တောင်အာဖရိက၏ ရုရှား၊ တရုတ်တို့နှင့် ဆက်ဆံရေးများအပြင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားသည့်ကိစ္စရပ်များကြောင့်လည်း ဆက်ဆံရေးများ တင်းမာလျက်ရှိသည်။ ထို့ပြင် ထရမ့်အစိုးရက တောင်အာဖရိကသည် လူနည်းစု လူဖြူလယ်သမားများကို အကာအကွယ်ပေးရန် ပျက်ကွက်နေသည်ဟု စွပ်စွဲထားသော်လည်း တောင်အာဖရိက အရာရှိများက ယင်းကို အကြိမ်ကြိမ် ငြင်းဆိုထားသည်။
အောက်တိုဘာလအတွင်းကပြုလုပ်ခဲ့သည့် ၎င်း၏ အထက်လွှတ်တော် အတည်ပြုချက်ရယူရေး ကြားနာပွဲတွင် Bozell က ၎င်းအနေဖြင့် အမေရိကန်အစိုးရ၏ ဦးစားပေးလုပ်ငန်းများကို ဖော်ဆောင်သွားမည်ဖြစ်သော်လည်း "တောင်အာဖရိက ပြည်သူများကို လေးစားမှုဖြင့်" တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
