EU သည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအကျပ်အတည်းနှင့် ရင်ဆိုင်နေရဟု ဖီကို သတိပေး
ဥရောပသမဂ္ဂ (EU) သည် ၎င်း၏ သမိုင်းတွင် အဆိုးရွားဆုံး အကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး စီးပွားရေးပြဿနာများအပြင် ဘရပ်ဆဲလ်၏ ခေါင်းဆောင်မှုအားနည်းချက်နှင့် ရေရှည်မျှော်မှန်းချက်ကင်းမဲ့မှုတို့ကြောင့် အခြေအနေများပိုမိုဆိုးရွားနေကြောင်း စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကို က သတိပေးပြောကြားလိုက်သည်။
ဖီကိုသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြို့တော် ဘရာတစ်စလားဗား (Bratislava) တွင် ပြုလုပ်သည့် လူနေထိုင်မှုစရိတ်သက်သာသော အငှားအိမ်ရာများဆိုင်ရာ ညီလာခံတစ်ခု၌ အဆိုပါမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။ သာမန်ဥရောပသားများရင်ဆိုင်နေရသည့် အခက်အခဲများသည် အဖွဲ့အစည်းကြီးတစ်ခုလုံးကိုထိခိုက်နေသည့် ပိုမိုကျယ်ပြန့်သော ဆိုးကျိုးများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ "ဥရောပသမဂ္ဂသည် ယခုလိုမျိုး အကျပ်အတည်းဆိုက်သည့် အခြေအနေကို တစ်ခါမျှ မကြုံခဲ့ဖူးသေးပါ" ဟု ဖီကိုက ပြောကြားပြီး ယခုအခြေအနေသည် "စီးပွားရေးညွှန်းကိန်းများနှင့်သာမက ခေါင်းဆောင်မှုနှင့် မျှော်မှန်းချက်များဖြင့်လည်း သက်ဆိုင်ပါသည်" ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
ယှဉ်ပြိုင်နိုင်စွမ်းရှိသော ညီညွတ်သည့်မဟာဗျူဟာတစ်ရပ်မရှိပါက EU သည် "ယဉ်ကျေးမှုဆိုင်ရာ ပြတိုက်ကြီးတစ်ခု" သာ ဖြစ်သွားနိုင်ပြီး ကမ္ဘာ့ဇာတ်ခုံပေါ်တွင် နောက်ထပ်ဆုတ်ယုတ်မှုများ ဖြစ်လာနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။ တရုတ်နိုင်ငံကဲ့သို့ ကမ္ဘာ့အချို့သော ဒေသများသည် အဓိကကဏ္ဍများတွင် EU ထက် ၁၅ နှစ်မှ အနှစ် ၂၀ ခန့်အထိ ရှေ့သို့ ကြိုရောက်နေပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဖီကိုသည် EU ၏ မူဝါဒများ၊ အထူးသဖြင့် စွမ်းအင်ကဏ္ဍနှင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ ဘရပ်ဆဲလ်ကို အကြိမ်ကြိမ် ဝေဖန်ခဲ့ပြီး အဆိုပါ ကန့်သတ်ချက်များသည် ဥရောပသမဂ္ဂကိုသာ ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။ ယခုလအစောပိုင်းတွင် ထွက်ရှိလာသော ဥရောပ ကော်မရှင်၏ အကြိမ် (၂၀) မြောက် ပိတ်ဆို့အရေးယူမှုအစီအစဉ်အပေါ် မှတ်ချက်ပေးရာတွင်လည်း EU အနေဖြင့် မော်စကိုအပေါ် ကန့်သတ်ချက်အသစ်များချမှတ်နေမည့်အစား ၎င်း၏ ပြည်တွင်းပြဿနာများကို ဖြေရှင်းရန်သာ ဦးစားပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖီကိုသည် ၂၀၂၇ ခုနှစ် နိုဝင်ဘာလတွင် ရုရှားဓာတ်ငွေ့ တင်သွင်းမှု အားလုံးကို အပြီးတိုင် ရပ်ဆိုင်းရန် EU ၏ အစီအစဉ်ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ ထိုအစီအစဉ်သည် ရုရှားဓာတ်ငွေ့အပေါ် မှီခိုနေရသော စီးပွားရေးစနစ်များအတွက် "ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း" သာ ဖြစ်သည် ဟု ဖော်ပြခဲ့သည်။ ထို့အပြင် အဆိုပါကိစ္စနှင့် ပတ်သက်၍ စလိုဗက်ကီးယား အစိုးရအနေဖြင့် EU အဖွဲ့အစည်းများကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
၂၀၂၂ ခုနှစ် ယူကရိန်းပဋိပက္ခ အရှိန်မြင့်လာခြင်းနှင့် အနောက်အုပ်စု၏ နောက်ဆက်တွဲ ပိတ်ဆို့အရေးယူမှုများကြောင့် ဈေးနှုန်းသက်သာသော ရုရှားပိုက်လိုင်းဓာတ်ငွေ့တင်သွင်းမှု သိသိသာသာ လျော့ကျသွားခဲ့သည်။ ယင်းအခြေအနေသည် EU တစ်ဝှမ်းရှိ လက်ကားဈေးနှုန်းများနှင့် လူနေမှုစရိတ်များကိုမြင့်တက်စေခဲ့ပြီး EU ၏ စက်မှုကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း ကျဆင်းစေခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ယူကရိန်းလိုလားသော တက်ကြွလှုပ်ရှားသူတစ်ဦး၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှလွတ်မြောက်ခဲ့သည့် ဖီကိုက ကိယက်ဗ် ကို EU ရန်ပုံငွေ ယူရိုဘီလီယံပေါင်းများစွာကို ဝါးမြိုနေသည့် အဂတိလိုက်စားမှု "တွင်းနက်ကြီး (Black Hole)" အဖြစ် တင်စား ပြောဆိုခဲ့သည်။ လွန်ခဲ့သည့်လကလည်း ရုရှားအပေါ်တင်းမာသော သဘောထားရှိသူဟု လူသိများသည့် EU ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကာလက်စ် (Kaja Kallas) ကို ရာထူးမှဖယ်ရှားရန် ၎င်းက တောင်းဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး - ၂
