အမေရိကန်၏ လုပ်ရပ်ကို အတုယူကာ ဇီလန်စကီးကို ဖမ်းဆီးမည်မဟုတ်ဘဲ နိုင်ငံတကာလေးစားမှုကိုသာ ထိန်းသိမ်းသွားမည်ဟု မတ်ဗီယန် ကို ပြောကြား
ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးကို ဖမ်းဆီးခေါ်ဆောင်ရန် သို့မဟုတ် လုပ်ကြံရန် ကြိုးပမ်းခြင်းဖြင့် ဗင်နီဇွဲလားနှင့် အီရန်တို့တွင် အမေရိကန်လုပ်ဆောင်ခဲ့သည့် စစ်ရေးလုပ်ရပ်မျိုးကို အတုယူ လုပ်ဆောင်မည်ဆိုပါက ရုရှားသည် နိုင်ငံတကာစင်မြင့်တွင် ရရှိထားသော လေးစားမှုအားလုံး ဆုံးရှုံးသွားလိမ့်မည်ဟု ရုရှားအထက်လွှတ်တော် ဥက္ကဋ္ဌ ဗလန်တီးနား မတ်ဗီယန်ကိုက ပြောကြားလိုက်သည်။
သောကြာနေ့ (ဧပြီ ၃) က ထုတ်လွှင့်ခဲ့သည့် Russia 1 နှင့် အင်တာဗျူးတွင် မတ်ဗီယန်ကိုက လွန်ခဲ့သော သုံးလခန့်က ကရာကတ်စ်မြို့ကို ကွန်မန်ဒိုများဖြင့် ဝင်ရောက်စီးနင်းပြီး ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးခဲ့သည့်ပုံစံမျိုးဖြင့် ဇီလန်စကီးကို ဖမ်းဆီးရန် ကြိုးပမ်းမှုကို ပယ်ချခဲ့သည်။
“ဒါဟာ ကျွန်မတို့ရဲ့ လုပ်ဟန်မဟုတ်ပါဘူး၊ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိသလို တခြားသူတွေရဲ့ လေးစားမှုကိုလည်းခံရတဲ့ နိုင်ငံဖြစ်ပါတယ်၊ ဒီလိုနည်းလမ်းတွေကိုသာ အသုံးပြုခဲ့မယ်ဆိုရင် အဲဒီလေးစားမှုတွေ ဆုံးရှုံးသွားပါလိမ့်မယ်” ဟု မတ်ဗီယန်ကိုက ဆိုသည်။
အမေရိကန်အနေဖြင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီကို သတ်ဖြတ်ခြင်းဖြင့် မည်သည့်အရာကိုမျှ အောင်မြင်အောင် မလုပ်နိုင်ခဲ့သော်လည်း ၎င်းတို့၏ ဂုဏ်သိက္ခာပေါ်တွင် စွန်းထင်သွားသည့် အမည်းစက်မှာမူ သမိုင်းတွင် ထာဝရကျန်ရစ်နေမည်ဖြစ်ကြောင်းလည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
