အမေရိကန်၏ ပိတ်ဆို့ကန့်သတ်မှုများကြားမှ ကျူးဘား နိုင်ငံခြားရေးဝန်ကြီးနှင့် ပူတင် တွေ့ဆုံ
အမေရိကန်၏ ပိတ်ဆို့ကန့်သတ်မှုများ အရှိန်မြင့်လာချိန်တွင် ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ် ပါရီလာ (Bruno Rodriguez Parrilla) တို့ ကရင်မလင်တွင်တွေ့ဆုံခဲ့ပြီး ကျူးဘားကျွန်းနိုင်ငံအပေါ် ထောက်ခံကူညီမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
အမေရိကန်၏ ရေနံတင်ပို့မှုပိတ်ပင်ကန့်သတ်ခြင်းနှင့် အခြားသော တားမြစ်ချက်များကြောင့် လောင်စာဆီတင်သွင်းမှု သိသိသာသာ လျော့နည်းသွားပြီး ပြတ်လပ်မှုများပိုမိုဆိုးရွားလာကာ ကျူးဘားနိုင်ငံသည် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးစွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ ဝါရှင်တန်၏ ဖိအားပေးလှုပ်ရှားမှုများတွင် ကျူးဘားသို့ ရေနံဆက်လက်ပံ့ပိုးပေးနေသည့်နိုင်ငံများကို အခွန်တိုးမြှင့်မည်ဟုခြိမ်းခြောက်မှုများလည်း ပါဝင်နေပြီး ယင်း၏အကျိုးဆက်အနေဖြင့်ကျူးဘားတစ်ကျွန်းလုံးတွင် ပြင်းထန်သော လျှပ်စစ်မီးပြတ်တောက်မှုများနှင့် လောင်စာဆီရှားပါးမှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။
ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၁၈) က ပြုလုပ်ခဲ့သော ထိုတွေ့ဆုံပွဲတွင် ပူတင် က နှစ်နိုင်ငံကြား နှစ်ရှည်လများတည်ရှိခဲ့သည့် ထူးခြားသော ဆက်ဆံရေးကို ချီးကျူးစကား ဆိုခဲ့သည်။ “ကျူးဘားနိုင်ငံ၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မှုနှင့် မိမိတို့ကိုယ်ပိုင် လမ်းစဉ်အတိုင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခွင့်တွေမှာ မိမိတို့ အမြဲတမ်း ထောက်ခံအားပေးခဲ့ပါသည် ၊ မိမိတို့အနေဖြင့် ကျူးဘားပြည်သူတွေဘက်က အမြဲတမ်း ရပ်တည်ပေးခဲ့တာပါ” ဟု ပူတင်က ပြောကြားခဲ့သည်။
ကျူးဘား၏ စီးပွားရေးအပေါ် အမေရိကန်၏ ကန့်သတ်ပိတ်ဆို့မှုများသည် လုံးဝလက်ခံနိုင်စရာမရှိကြောင်း ပူတင်က ရှုတ်ချခဲ့ပြီး ရုရှားအနေဖြင့် ယင်းပိတ်ဆို့မှုများကို ရှင်းလင်းပြတ်သားစွာကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ ပါရီလာကလည်း ခက်ခဲသောအချိန်များတွင် ရုရှား၏ ထူးကဲပြီးခိုင်မြဲသော စည်းလုံးညီညွတ်မှုနှင့် ထောက်ခံ အားပေးမှုများအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း ကရင်မလင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
လွန်ခဲ့သည့်သီတင်းပတ်က ဟာဗားနားမြို့ရှိ ရုရှားသံရုံးက ပြောကြားရာတွင် မော်စကိုအနေဖြင့် ကျူးဘား၏ လောင်စာဆီ ပြတ်လပ်မှုကို ဖြေရှင်း ပေးနိုင်ရန် ရေနံနှင့်ရေနံထွက်ပစ္စည်းများကို ပေးပို့လှူဒါန်းရန် ပြင်ဆင် နေကြောင်း သိရှိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ ကလည်း ဟာဗားနားအပေါ် အမေရိကန်၏ ဖိအားပေးမှုအသစ်များသည် စီးပွားရေးအရ အကျပ်အတည်းဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရှုတ်ချခဲ့ပြီး တရုတ်နိုင်ငံကလည်း ကျူးဘား၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအတွက် ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
လွန်ခဲ့သည့်လက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကျူးဘား၏ ဆိုရှယ်လစ်အစိုးရသည် "ရန်လိုသောနိုင်ငံများ၊ နိုင်ငံဖြတ်ကျော် အကြမ်းဖက်အဖွဲ့များနှင့် မကောင်းကြံစည်သူများ" နှင့် ပူးပေါင်းနေသည်ဟု စွပ်စွဲကာ ကျူးဘားနှင့်ဆက်ဆံရေးတွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ ခဲ့သည်။ စီးပွားရေးအရ ဖိအားပေးခြင်းဖြင့် ကျူးဘားခေါင်းဆောင်ပိုင်းကို "မိမိတို့ဆီ လာရောက်ပြီး သဘောတူညီချက်တစ်ခု လုပ်ဆောင်ချင်လာအောင်" အကျပ်ကိုင်သွားမည်ဟု ထရမ့်က ဆိုသည်။ ရုရှား၊ တရုတ်၊ အီရန်၊ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်နှင့် လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့တို့နှင့် ကျူးဘား၏ ဆက်ဆံရေးသည် အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ထရမ့်က ဖော်ပြခဲ့သည်။
ကျူးဘားသမ္မတ မီဂွယ် ဒီယက်ဇ်-ကာနယ်ကမူ ထရမ့်၏ တောင်းဆိုချက်များကို ရှုတ်ချခဲ့ပြီး "တန်းတူညီမျှမှုနှင့် လေးစားမှုတို့ကို အခြေခံသော" ဆွေးနွေးပွဲများအတွက် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
