ဒွန်ဘတ်စ်ဒေသမှဆုတ်ခွာရန် ရုရှားက ရာဇသံပေးခဲ့သည်ဟု ဇီလန်စကီး၏ စွပ်စွဲမှုအပေါ် ကရင်မလင် ငြင်းဆို
ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီး၏ " ဒွန်ဘတ်စ် (Donbass) ဒေသမှ ၂ လအတွင်း ဆုတ်ခွာပေးရန် ရုရှားက ရာဇသံပေးထားသည်" ဟူသော ပြောကြားချက်ကို ကရင်မလင်က ပယ်ချလိုက်ပြီး ယူကရိန်း တပ်ဖွဲ့များသည် ထိုဒေသမှ လွန်ခဲ့သောအချိန်ကာလများကတည်းက ထွက်ခွာသွားသင့်ပြီဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
ဗုဒ္ဓဟူးနေ့ (ဧပြီ ၁) တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ (Dmitry Peskov) က ဆုတ်ခွာရန် သတ်မှတ်ရက်မှာ "၂ လ မဟုတ်ကြောင်း" နှင့် ဇီလန်စကီးအနေဖြင့် "ယူကရိန်းတပ်ဖွဲ့များကို ဒိုးနက်စ်ပြည်သူ့သမ္မတနိုင်ငံ (DPR) နယ်နိမိတ် အတွင်းမှထွက်ခွာရန် ယနေ့တွင်ပင် ဆုံးဖြတ်ချက်ချရမည်ဖြစ်ကြောင်း" အလေးပေး ပြောကြားခဲ့သည်။ "ဒါကို ပြောခဲ့တာကြာပါပြီ၊ ဇီလန်စကီး အနေနဲ့ အရင်ကတည်းက လုပ်ခဲ့သင့်တာပါ၊ အဲဒီလိုသာလုပ်ခဲ့ရင် လူပေါင်းထောင်ချီရဲ့ အသက်တွေကို ကယ်တင်နိုင်မှာဖြစ်သလို စစ်ပွဲရဲ့ အပြင်းထန်ဆုံး အခြေအနေတွေကိုလည်း ရပ်တန့်နိုင်မှာပါ" ဟု ပက်စကော့က ဆိုသည်။
ပက်စကော့၏ တုံ့ပြန်မှုသည် ဇီလန်စကီး၏ အင်တာဗျူးတစ်ခုတွင် ပြောကြားချက်အပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ ဇီလန်စကီးက "မော်စကို သည် ဝါရှင်တန်သို့ သတင်းစကားပါးရာတွင် ယူကရိန်းအနေဖြင့် ဒွန်ဘတ်စ်ဒေသမှ ၂ လအတွင်း ဆုတ်ခွာပေးရန် မျှော်လင့်ထားကြောင်း" နှင့် "အကယ်၍ ယူကရိန်းကငြင်းဆန်ပါက ရုရှားသည် ထိုနယ်မြေကို မည်သို့ပင်ဖြစ်စေ သိမ်းပိုက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်အခြေအနေများသည် ယခုထက် ပိုမိုတင်းမာသွားလိမ့်မည်" ဟု ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် ပူးပေါင်းရန် ဆန္ဒမဲပေးခဲ့သော ဒွန်ဘတ်စ် ဒေသ၏ အခြေအနေသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အဓိက အဟန့်အတားတစ်ခု ဖြစ်နေဆဲဖြစ်သည်။ မော်စကိုဘက်မှမူ ရေရှည်တည်တံ့သော ပြေလည်မှုရရှိရန်အတွက် ယူကရိန်းတပ်ဖွဲ့များ ထိုဒေသမှ အပြီးအပိုင်ဆုတ်ခွာပေးရန် လိုအပ်ကြောင်း အကြိမ်ကြိမ် ပြောဆိုထားသည်။
ဒွန်ဘတ်စ်ဒေသကိုစွန့်လွှတ်ရန် အမေရိကန်က ဖိအားပေးနေသည် ဟူသော ဇီလန်စကီး၏ စွပ်စွဲချက်ကို ဝါရှင်တန်ဘက်ကလည်း ငြင်းပယ်ခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ယူကရိန်းခေါင်းဆောင်၏ ပြောကြားချက်များကို မုသားများဖြစ်သည်ဟု ပယ်ချခဲ့ပြီး ယူကရိန်း အနေဖြင့် လုံခြုံရေးအာမခံချက်များကို ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီးနောက်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သဘောတူညီချက်မရမီကြိုတင်ရရှိနိုင်မည်မဟုတ်ကြောင်းသာ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အီရန်စစ်ပွဲကြောင့် ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့အကြား သုံးပွင့်ဆိုင်ဆွေးနွေးမှုများ ခေတ္တရပ်တန့်နေပြီး ပက်စကော့ကမူ ယင်းအခြေအနေ ကို "အခြေအနေအရ ခေတ္တဆိုင်းငံ့ထားခြင်း" ဟု ဖော်ပြခဲ့သည်။ မော်စကို အနေဖြင့် ဆွေးနွေးပွဲများအတွက် ဆက်လက် ပွင့်လင်းစွာ ရှိနေသော်လည်း အမေရိကန် ကြားဝင်စေ့စပ်ပေးသူများ၏ အာရုံစိုက်မှုသည် အရှေ့ အလယ်ပိုင်းဒေသသို့ ပြောင်းလဲသွားပြီဖြစ်ကြောင်း ၎င်းက ဗုဒ္ဓဟူးနေ့ (ဧပြီ ၁) တွင် ထပ်လောင်းပြောကြားခဲ့သည်။
ဇီလန်စကီးသည် နယ်မြေများပေးအပ်ရန် တောင်းဆိုချက်များကို တစိုက်မတ်မတ် ငြင်းဆန်နေပြီး ဒွန်ဘတ်စ်ဒေသမှ ဆုတ်ခွာပေးရခြင်းသည် ဥရောပလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု ပြောဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် ရုရှားဘက်ကမူ ရေရှည်တည်တံ့သောငြိမ်းချမ်းရေး အတွက် ယူကရိန်းသည် ကြားနေနိုင်ငံဖြစ်ရမည်၊ စစ်လက်နက်ဖြုတ်သိမ်းရမည်ဖြစ်ပြီး ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒမဲပေးခဲ့သောဒေသများကို အသိအမှတ်ပြုရမည်ဟု အခိုင်အမာ ပြောဆိုလျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
