အရှေ့အလယ်ပိုင်း အကျပ်အတည်းနှင့်ပတ်သက်၍ ရုရှားနှင့် ယူအေအီး သမ္မတတို့ ဖုန်းဖြင့် အရေးပေါ်ဆွေးနွေး

News Image

  • အရှေ့အလယ်ပိုင်း အကျပ်အတည်းနှင့် ပတ်သက်၍ ရုရှားနှင့် ယူအေအီး သမ္မတတို့ ဖုန်းဖြင့် အရေးပေါ်ဆွေးနွေး

အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်ရေးအရတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အရှိန်မြင့်တက်လာသည့် အရှေ့အလယ်ပိုင်း ပဋိပက္ခများနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ယူအေအီး သမ္မတ ရှိတ် မိုဟာမက် ဘင်ဇာယက် အယ်လ် နာဟရန် တို့သည် တနင်္လာနေ့ (မတ် ၂) တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်က ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်က “Operation Epic Fury” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို သုံးရက်မြောက်နေ့အဖြစ် ဆက်လက်ဆင်နွှဲနေပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီနှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်များ သေဆုံးခဲ့ရသည်။ ယင်းလုပ်ရပ် အပေါ် သမ္မတပူတင်က နိုင်ငံတကာဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများကို ဗြောင်ကျကျ ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အချုပ်အခြာအာဏာပိုင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခုအပေါ် အကြောင်းမဲ့ကျူးကျော်မှုဟုလည်း သတ်မှတ်ခဲ့သည်။

တစ်ဖက်တွင်လည်း အီရန်ဘက်မှ တုံ့ပြန်ပစ်ခတ်လိုက်သည့် ဒုံးကျည်နှင့် ဒရုန်းများသည် မိမိတို့နိုင်ငံရှိ အရပ်သားများကို ခြိမ်းခြောက်မှုဖြစ်စေပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ယူအေအီး သမ္မတက ပြောကြားခဲ့သည်။ ယူအေအီးပိုင်နက်ကို အီရန်အားတိုက်ခိုက်ရန် အသုံးမပြုစေခဲ့ဘဲ ယခုကဲ့သို့တိုက်ခိုက်ခံရခြင်းမှာ အကြောင်းပြချက်မရှိဘဲ တရားမျှတမှုမရှိကြောင်း ၎င်းက အခိုင်အမာဆိုသည်။

ခေါင်းဆောင်နှစ်ဦးစလုံးက လက်ရှိဖြစ်ပွားနေသည့် မကြုံစဖူး ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်များကို ရပ်တန့်နိုင်ရန် ချက်ချင်း အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး-သံတမန်ရေး နည်းလမ်းများဖြင့် ဖြေရှင်းရန်လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ကြသည်။ ရုရှားနိုင်ငံအနေဖြင့် ဒေသတွင်းတည်ငြိမ်မှုရရှိစေရန် ယူအေအီး၏ စိုးရိမ်ပူပန်မှုများကို အီရန် ဘက်သို့ ပြန်လည်အသိပေးရန်နှင့် လိုအပ်သော ကူညီဆောင်ရွက်မှုများ ပြုလုပ်ရန် အသင့်ရှိကြောင်းလည်း ပူတင်က ထည့်သွင်း ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂