ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရော်ဒရီဂွက်ဇ်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို အမေရိကန် ရုပ်သိမ်း

News Image

  • ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရော်ဒရီဂွက်ဇ်အပေါ် ချမှတ် ထားသည့် ပိတ်ဆို့အရေးယူမှုများကို အမေရိကန် ရုပ်သိမ်း

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ၏ ထုတ်ပြန်ချက်အရ ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရော်ဒရီဂွက်ဇ် (Delcy Rodriguez) အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အမေရိကန်ပြည်ထောင်စုက ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ (ဧပြီ ၁) တွင် ကြေညာခဲ့သော ထိုလုပ်ဆောင်ချက်သည် ဝါရှင်တန်ဒီစီ၏ မူဝါဒ သိသိသာသာ ပြောင်းလဲလာမှုကို ပြသနေသည်။ ယခုနှစ်ဆန်းပိုင်းတွင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် အမေရိကန်သည် ကရာကတ်စ်နှင့် ပိုမို နီးကပ်သောဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ယခင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရော်ဒရီဂွက်ဇ်အနေဖြင့် ၎င်းတို့အစိုးရ၏ သတ်မှတ်ချက်များကို မလိုက်နာပါက မာဒူရို ထက်ပင် ပိုမိုပြင်းထန်သော အကျိုးဆက်များကို ရင်ဆိုင်ရမည်ဟု သတိပေးခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် ၎င်း၏ပြောဆိုချက်များ ပြောင်းလဲသွားပြီး သူမနှင့် ဆက်ဆံရေးမှာ အလွန်ကောင်းမွန်သည်ဟု ဆိုခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်လတွင် အမေရိကန်သည် သူမ၏ ယာယီ အစိုးရကို တရားဝင်အသိအမှတ်ပြုသည်ဟု ထရမ့်က ပြောကြားခဲ့သည်။

မတ်လအတွင်းကထွက်ပေါ်ခဲ့သော ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ ထရမ့်အစိုးရသည် ရော်ဒရီဂွက်ဇ်အပေါ် တရားစွဲဆိုနိုင်ရန် တိတ်တဆိတ် ပြင်ဆင်နေခဲ့ကြောင်း သိရှိရသည်။ အစိုးရရှေ့နေများသည် အဂတိ လိုက်စားမှုနှင့် ငွေကြေးခဝါချမှု စွဲချက်များကို စုဆောင်းခဲ့ပြီး သူမ အနေဖြင့် တရားစွဲဆိုခံရနိုင်သည့် အန္တရာယ်ရှိကြောင်း ယာယီသမ္မတထံ အကြောင်းကြားခဲ့သည်။

ရော်ဒရီဂွက်ဇ်နှင့် အခြားသော မာဒူရို၏ အပေါင်းအပါများကို ၂၀၁၈ ခုနှစ် တွင် အမေရိကန်က ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က မာဒူရို၏ ပြန်လည်ရွေးကောက်ခံရမှုမှာ မသမာမှုများရှိသည်ဟု အမေရိကန်နှင့် အခြားနိုင်ငံများကယူဆခဲ့ကြပြီး သူမသည် မာဒူရို အာဏာတည်မြဲစေရန် ကူညီပေးခဲ့သည်ဟု ဝါရှင်တန်က စွပ်စွဲခဲ့သည်။

အဆိုပါ ပိတ်ဆို့အရေးယူမှုများတွင် အမေရိကန်ရှိ သူမ၏ပိုင်ဆိုင်မှု များကို ထိန်းချုပ်ခြင်း၊ အမေရိကန်နိုင်ငံသားများနှင့် ကုမ္ပဏီများက သူမနှင့်စီးပွားရေးမလုပ်ရန် တားမြစ်ခြင်းနှင့် အမေရိကန် ဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်ခွင့်ပိတ်ပင်ခြင်းတို့ ပါဝင်သည်။ ထို့အပြင် သူမ၏ နိုင်ငံတကာ ဆက်ဆံရေးနှင့် ခရီးသွားလာမှုများကိုပါ ကန့်သတ်ထားသဖြင့် ကမ္ဘာ့စီးပွားရေး ကွန်ရက်မှ ဖယ်ကြဉ်ခံထားရသူ ဖြစ်သည်။

အမေရိကန်တပ်ဖွဲ့ဝင်များက သမ္မတ မာဒူရိုကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သုံးလအကြာတွင် ယခုကဲ့သို့ ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးလိုက်ခြင်း ဖြစ်သည်။ မာဒူရိုသည် လက်ရှိတွင် မူးယစ်ဆေးဝါးသုံးစွဲ၍ အကြမ်းဖက်မှု၊ ကိုကင်းမှောင်ခိုမှုနှင့် လက်နက်မှုများဖြင့် စွဲချက်တင်ခံထားရသော်လည်း ၎င်းကမူ ထိုစွဲချက်များကို ငြင်းဆိုထားသည်။

ရော်ဒရီဂွက်ဇ်သည် အစပိုင်းတွင် နိုင်ငံခြားကိုယ်စားလှယ်တစ်ဦး တစ်ယောက်မျှ ဗင်နီဇွဲလားကို ထိန်းချုပ်ခွင့်ရမည်မဟုတ်ကြောင်း ကြေညာခဲ့ပြီး မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူမသည် အမေရိကန် အစိုးရ၏ တောင်းဆိုချက်များကိုလိုက်လျောရန် ပြောင်းလဲလုပ်ဆောင်လာခဲ့သည်။ ထိုအထဲတွင် ဗင်နီဇွဲလား၏ ရေနံကဏ္ဍကို အမေရိကန် ကုမ္ပဏီများအတွက် ဖွင့်လှစ်ပေးခြင်းနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

ယင်း၏ ရလဒ်အနေဖြင့် ဝါရှင်တန်သည် ဗင်နီဇွဲလား၏ ရေနံစိမ်းတင်ပို့မှုများအပေါ် ထိန်းချုပ်ခွင့် ရရှိသွားခဲ့သည်။ ရေနံရောင်းရငွေများကို ဗင်နီဇွဲလားအစိုးရထံ တိုက်ရိုက်မပေးတော့ဘဲ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကစီမံခန့်ခွဲသည့် ကန့်သတ်အကောင့်များအတွင်းသို့ ထည့်သွင်းစေခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးရေနံသိုက် ပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာ့စုစုပေါင်း ရေနံပမာဏ၏ ငါးပုံတစ်ပုံခန့် ရှိသည်။

ပြီးခဲ့သည့်လတွင် ရော်ဒရီဂွက်ဇ်သည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် တန်ဖိုးရှိသော ရွှေစင်များကို အမေရိကန်သို့ရောင်းချရန် သဘောတူခဲ့ပြီး ၎င်းမှရရှိသော အကျိုးအမြတ်များကိုလည်း ဝါရှင်တန်ကပင် ထိန်းချုပ်ထားမည်ဖြစ်သည်။ ထို့အပြင် ဇန်နဝါရီလအတွင်းကလည်း အမေရိကန် က နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ထားသည့် ဖမ်းဆီးခံထားရသူ ၄၀၀ ကျော်ကို ပြန်လွှတ်ပေးရန် သူမက သဘောတူညီခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂