တောင်ကိုရီးယားတွင် THAAD ဒုံးကျည်ကာကွယ်ရေးစနစ် သယ်ဆောင်သည့် ယာဉ်တန်းများ ရွေ့လျားနေသည်ကို တွေ့ရှိရ

News Image

  • တောင်ကိုရီးယားတွင် THAAD ဒုံးကျည်ကာကွယ်ရေးစနစ် သယ်ဆောင်သည့် ယာဉ်တန်းများ ရွေ့လျားနေသည်ကို တွေ့ရှိရ

အမေရိကန်စစ်တပ်၏ အဓိကဒုံးကျည်ကြားဖြတ် တားဆီးရေးစနစ်ကို သယ်ဆောင်သည့်ယာဉ်များ တောင်ကိုရီးယားနိုင်ငံအတွင်း ရွေ့လျား နေသည်ကို CNN က ရရှိထားသော ဗီဒီယိုမှတ်တမ်းတစ်ခုတွင် တွေ့ရှိ ရသည်။

အဆိုပါဗီဒီယိုမှတ်တမ်းတွင် Heavy Expanded Mobility Tactical Trucks (HEMTT) အကြီးစားစစ်ဘက်သုံးကုန်တင်ယာဉ်အချို့မှာ ဆိုဆောင်ရီ (Soseong-ri) ဒေသရှိ လမ်းမတစ်ခုပေါ်တွင် မောင်းနှင်နေသည်ကို တွေ့ရှိရသည်။ ယာဉ်နောက်ပိုင်းများကို တာပေါ်လင်များဖြင့် ဖုံးအုပ်ထားသဖြင့် တင်ဆောင်လာသည့် ကုန်ပစ္စည်းကို မြင်တွေ့နိုင်ခြင်းမရှိသော်လည်း CNN က တိုင်ပင်မေးမြန်းခဲ့သည့် စစ်ရေးကျွမ်းကျင်သူများကမူ ၎င်းယာဉ် များသည် THAAD ဒုံးကျည်လွှတ်တင်ရေးစင် (Launchers) များသယ်ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်များနှင့်တူညီကြောင်း ပြောကြားခဲ့သည်။

ထိုလုံခြုံရေးဆိုင်ရာ CCTV မှတ်တမ်းများကို "THAAD ရုပ်သိမ်းရေးငြိမ်းချမ်းရေးအဖွဲ့" (THAAD Withdrawal Peace Meeting) က CNN ထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းအဖွဲ့သည် ကိုရီးယားကျွန်းဆွယ်တွင် ပဋိပက္ခဖြစ်ပွားပါက အဆိုပါဒေသသည် တိုက်ခိုက်မှု၏ ပစ်မှတ်ဖြစ်လာနိုင်သည့် လုံခြုံရေးစိုးရိမ်ချက်များကြောင့် THAAD စနစ်များကို တောင်ကိုရီးယားမှ ရုပ်သိမ်းပေးရန် တောင်းဆိုနေသည့် အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့၏ အဆိုအရ ဗီဒီယိုကို မတ်လ ၃ ရက်နေ့ သန်းခေါင်ကျော်အချိန်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ CNN ၏ အတည်ပြုချက်များအရ ယင်းနေရာသည် THAAD ရေဒါစခန်းမှ ၂ ကီလိုမီတာခန့်အကွာနှင့် ဆိုးလ်မြို့မှ အရှေ့တောင်ဘက် ၂၃၀ ကီလိုမီတာအကွာတွင်ရှိသော ဆိုဆောင်ရီ ဒေသဖြစ်သည်။

ယခုကဲ့သို့ ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာခြင်းမှာ အမေရိကန်တပ်ဖွဲ့များသည် အရှေ့အလယ်ပိုင်းဒေသ၏ လေကြောင်းရန်ကာကွယ်ရေးကို အားဖြည့်ရန်အတွက် တောင်ကိုရီးယားရှိ THAAD စနစ်အစိတ်အပိုင်းအချို့ကို ရွှေ့ပြောင်းနေကြောင်း ဝါရှင်တန်ပို့စ်က တနင်္လာနေ့ (မတ် ၉) တွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော် ဗီဒီယိုပါယာဉ်များ၏ နောက်ဆုံးဦးတည်ရာကို CNN အနေဖြင့် ချက်ချင်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ (USFK) ကမူ "စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ ရွှေ့ပြောင်းခြင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် မရှိပါ" ဟု ဖြေကြားခဲ့သည်။ တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) က ယခင်က ပြောကြားခဲ့ဖူးသည့်အတိုင်း အမေရိကန်၏ လက်နက်များ ပြန်လည်ရွှေ့ပြောင်းမှုကို မိမိတို့အနေဖြင့် တားဆီးနိုင်မည်မဟုတ်သော်လည်း ထိုသို့လုပ်ဆောင်မှုသည် မြောက်ကိုရီးယားကို တားဆီးရေးစွမ်းရည်အပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်းဆိုသည်။

၂၀၁၇ ခုနှစ်က တောင်ကိုရီးယားတွင် THAAD စနစ်ကို စတင်တပ်ဆင်စဉ်က ၎င်းကို မိမိတို့၏ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဟု ယူဆခဲ့သည့် တရုတ်နိုင်ငံဘက်မှ ပြင်းထန်စွာ ကန့်ကွက်မှုများ ရှိခဲ့သည်။

ကိုးကား- CNN

Photo: The Korea Times

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂