ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ ပြန်လည်ဖြတ်သန်းနိုင်ရေး အီရန်နှင့် ဆွေးနွေးခြင်းသည် အထိရောက်ဆုံးနည်းလမ်းဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ကမ္ဘာ့စွမ်းအင်သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် အိန္ဒိယနိုင်ငံသည် အီရန်နိုင်ငံနှင့် သံတမန်ရေးရာ တိုက်ရိုက်ဆွေးနွေးမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင် လျက်ရှိသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်းခြင်းသည် ပဋိပက္ခများကို အဖြေရှာရန်အတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန် ရေတပ်အင်အားစုများစေလွှတ်ရန် တိုက်တွန်းထား သော်လည်း အိန္ဒိယအနေဖြင့် စစ်ရေးဖိအားပေးခြင်းထက် သံတမန်နည်းလမ်းဖြင့်သာ ချဉ်းကပ်လျက်ရှိသည်။ ယင်းသံတမန်ရေးရာကြိုးပမ်းမှု များ၏ အစိတ်အပိုင်းအဖြစ် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် အီရန် သမ္မတ မာဆွတ် ပီဇက်ရှ်ခီယန်နှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့သကဲ့သို့ နိုင်ငံခြားရေး ဝန်ကြီး ဂျိုင်ရှန်ကာသည်လည်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီနှင့် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ လေးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီးဖြစ်သည်။
အဆိုပါ ဆွေးနွေးမှုများ၏ရလဒ်အဖြစ် အိန္ဒိယအလံတင်ထားသော ဂက်စ်တင် သင်္ဘောအချို့ကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဘေးကင်းစွာ ဖြတ်သန်းခွင့် ရရှိခဲ့သည်။ သို့သော်လည်း ၎င်းသည် နှစ်နိုင်ငံအကြား ပုံသေ သဘောတူညီချက် (Blanket Arrangement) ရယူထားခြင်းမဟုတ်ဘဲ သင်္ဘော တစ်စီးချင်းစီ၏ အခြေအနေအရ သီးခြားညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဂျိုင်ရှန်ကာက ရှင်းပြခဲ့သည်။ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ခိုင်မာသော သက်တမ်းရင့်ဆက်ဆံရေးကိုအကြောင်းပြု၍ အိန္ဒိယ သင်္ဘောများအတွက် လမ်းကြောင်းဖွင့်ပေးထားခြင်းကို အီရန်ဘက်ကလည်း အတည်ပြုထားသည်။ ဝန်ကြီး ဂျိုင်ရှန်ကာကမူ ထိုသို့သော အပြုသဘော ဆောင်သည့် ဆွေးနွေးမှုများသည် အိန္ဒိယအတွက်သာမက ကမ္ဘာ့ရေကြောင်း သွားလာမှု လုံခြုံရေးအတွက်ပါ ပိုမိုကောင်းမွန်သည့်ရလဒ်များ ဖြစ်ပေါ်စေလိမ့် မည်ဟု ယုံကြည်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,