အီရန်စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန်နှင့် အစ္စရေးတို့ ရည်မှန်းချက်များကွဲပြားနေဟု အမေရိကန် ထောက်လှမ်းရေးအကြီးအကဲဆို

News Image

  • အီရန်စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန်နှင့် အစ္စရေးတို့ ရည်မှန်းချက်များကွဲပြားနေဟု အမေရိကန် ထောက်လှမ်းရေးအကြီးအကဲဆို

အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး Tulsi Gabbard က အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် အမေရိကန်နှင့် အစ္စရေး အစိုးရတို့ ချမှတ်ထားသည့် ရည်မှန်းချက်များသည် ကွဲပြားခြားနားနေသည်ဟု ပြောကြားခဲ့ပြီး အီရန်နှင့် သဘောတူညီချက်တစ်ခုရယူနိုင်ရန် အစ္စရေး က ထောက်ခံခြင်း ရှိ၊ မရှိကို သူမအနေဖြင့် မသိရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

“အစ္စရေးအစိုးရဟာ အီရန် ခေါင်းဆောင်ပိုင်းကို အလုပ်မလုပ်နိုင်အောင်လုပ်ဖို့နဲ့ ထိပ်ပိုင်းခေါင်းဆောင် အတော်များများကို ဖယ်ရှားဖို့ အဓိက ထားလုပ်ဆောင်နေတာကို သူတို့ရဲ့ စစ်ဆင်ရေးတွေကနေတစ်ဆင့်မြင်တွေ့ နိုင်ပါတယ်၊ ဒါဟာ အဓိက ခေါင်းဆောင်ကြီး Ayatollah ကနေ စတင်ခဲ့တာဖြစ်ပြီး အခုထိလည်း အဲဒီအတိုင်းပဲ ဆက်လက် အာရုံစိုက်နေဆဲပါ” ဟု Gabbard က ကြာသပတေးနေ့ (မတ် ၁၉) တွင် ပြုလုပ်ခဲ့သော အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ၏ ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုများဆိုင်ရာ ကြားနာပွဲတွင် ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း သမ္မတ ဒေါ်နယ်ထရမ့်က “သူ့ရဲ့ ရည်မှန်းချက်တွေဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်စွမ်း၊ ဒုံးကျည် ထုတ်လုပ်နိုင်စွမ်းနဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ရေတပ်နဲ့ မိုင်းထောင်နိုင်စွမ်းတွေကို ဖျက်ဆီးပစ်ဖို့ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်” ဟု သူမက ဆိုသည်။

အီရန်နှင့် သဘောတူညီချက်ရယူရေးအပေါ် အစ္စရေး၏ ရပ်တည်ချက်ကို သူမ မသိရှိသကဲ့သို့ အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ အစ္စရေးက သမ္မတ၏ စကားကို လျစ်လျူရှုခဲ့သည်ဆိုသည့်အချက်အပေါ် သူမ သဘောတူခြင်း ရှိ၊ မရှိကိုလည်း ဖြေကြားရန် ငြင်းဆိုခဲ့သည်။

“သူတို့ရဲ့ ဆွေးနွေးချက်တွေ ဒါမှမဟုတ် ဒီတိုက်ခိုက်မှုတွေနဲ့ တခြားတိုက်ခိုက်မှုတွေပြုလုပ်ဖို့ သူတို့ ဘယ်လိုတွက်ချက်ခဲ့တယ်ဆိုတာကို ကျွန်မ မသိပါဘူး၊ ကျွန်မတို့ဟာ ဒီစစ်ဆင်ရေးပိုင်းဆိုင်ရာမှာ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး၊ ကျွန်မတို့ လုပ်ဆောင်နေတာက ဖြစ်ပျက်နေသည့် အခြေအနေတွေအပေါ် ထောက်လှမ်းရေးဆိုင်ရာ သုံးသပ်ချက်တွေကို နေ့စဉ်နဲ့အမျှ စဉ်ဆက်မပြတ် ပံ့ပိုးပေးနေတာပဲဖြစ်ပါတယ်” ဟု Gabbard က ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂