လက်ဘနွန်မိသားစုများ လက်ဗလာဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည် ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် ပြောကြား

News Image

  • လက်ဘနွန်မိသားစုများ လက်ဗလာဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည် ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် ပြောကြား

ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် လက်ဘနွန် မိသားစုဝင်များသည် ထပ်မံဖြစ်ပွားလာမည့် တိုက်ခိုက်မှုများကို ကြောက်လန့် သဖြင့် ၎င်းတို့၏ နေအိမ်များမှ ကိုယ်ပေါ်ရှိ အဝတ်အစားတစ်ထည်တည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းနှင့် စစ်ပွဲကြောင့် နိုင်ငံအပေါ် ကျရောက်လာမည့် ထိခိုက်နစ်နာမှုများအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) မှ Karolina Lindholm Billing က CNN သတင်းထောက် Ben Hunte သို့ ပြောကြား ရာတွင် "အခြေအနေက အလွန်အမင်းကို စိုးရိမ်စရာကောင်းနေပါတယ်၊ သူတို့ဟာ ဒီတိုက်ခိုက်မှုတွေကြားထဲ ပိတ်မိသွားမှာကို တကယ်ပဲ ထိတ်လန့် ကြောက်ရွံ့နေကြတာပါ" ဟု ဆိုသည်။

ခိုလှုံရာနေရာရှာဖွေခြင်းမှာ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး လူအများစုမှာ ဘေရွတ် (Beirut) မြို့နှင့် လက်ဘနွန်တောင်တန်းဒေသများသို့ ဦးတည်နေကြသကဲ့သို့ အချို့မှာလည်း အခြားဒေသရှိ မိတ်ဆွေများ သို့မဟုတ် ဆွေမျိုးများထံတွင် တည်းခိုနေကြကြောင်း Billing က ရှင်းပြခဲ့သည်။ အချို့မှာမူ အဆမတန် မြင့်တက်လာသော အိမ်ငှားခများနှင့် လူဦးရေ ပြည့်နှက်နေသည့် ခိုလှုံရေးစခန်းများတွင် ကြမ်းပြင်ပေါ်၌ အိပ်စက် နေရသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

"သူတို့ဟာ သူတို့ရဲ့ အလုပ်အကိုင်တွေနဲ့ ဝင်ငွေတွေကို စွန့်ခွာခဲ့ရတာပါ၊ အခုဆိုရင် စက်သုံးဆီတင်မကဘဲ ပေါင်မုန့်နဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေပါ တက်နေတယ်၊ ဒါဟာ လူတွေရဲ့ ရှင်သန်ရပ်တည်ရေးအတွက် ဖိအားတွေ ပိုဖြစ်စေပါတယ်" ဟု Billing က ဆိုသည်။

နှစ်ပတ်အတွင်း လက်ဘနွန်လူဦးရေ၏ ငါးပုံတစ်ပုံခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး နိုင်ငံ၏ ၁၅ ရာခိုင်နှုန်းခန့်မှာလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခြင်းခံထားရသည်။ လူဦးရေ တစ်သန်းကျော်မှာ ပိုမိုကျဉ်းမြောင်းသော ဧရိယာတစ်ခုအတွင်းသို့ ရောက်ရှိလာ သဖြင့် စာသင်ကျောင်းများကဲ့သို့သော အခြေခံဝန်ဆောင်မှုများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း အစ္စရေးသည် ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေစဉ် လက်ဘနွန် ဝန်ကြီးချုပ် နဝပ်ဖ် ဆလမ် (Nawaf Salam) က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီး ဆိုက်ရောက်လာနိုင်သည့်အခြေအနေအပေါ်  စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂