အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း သမ္မတထရမ့်က ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့်ခရီးစဉ်ကို ရွှေ့ဆိုင်းရန် တောင်းဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပေကျင်းမြို့တွင် တွေ့ဆုံရန် အလွန်မျှော်လင့်ထားသည့် ထိပ်သီး ဆွေးနွေးပွဲကို တစ်လခန့်ရွှေ့ဆိုင်းပေးရန် တောင်းဆိုထားသည်။ အကြောင်းရင်းမှာ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း ၎င်းအနေဖြင့် ဝါရှင်တန်ဒီစီတွင်သာ ရှိနေလိုသောကြောင့် ဖြစ်သည်ဟု ဆိုသည်။
မူလက မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အတွင်း သွားရောက်ရန် စီစဉ်ထားသည့် အဆိုပါခရီးစဉ်မှာ အဟန့်အတားနှင့် ရင်ဆိုင်နေရသည်။ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စစ်သင်္ဘောများစေလွှတ်ကူညီရန် ထရမ့်၏တောင်းဆိုချက်ကို တရုတ်ဘက်က ရှောင်လွှဲနေချိန်တွင် ယခုကဲ့သို့ ခရီးစဉ်ရွှေ့ဆိုင်းမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော်လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကမူ ယခုနှောင့်နှေးမှုမှာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များကြောင့်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
လေ့လာဆန်းစစ်သူများကမူ ခရီးစဉ်ရွှေ့ဆိုင်းခြင်းသည် နှစ်ဖက်စလုံးအတွက် သက်ပြင်းချနိုင်စရာ (စိတ်သက်သာရာရစရာ) ဖြစ်နိုင်သည်ဟု ဆိုကြသည်။ အကြောင်းမှာ တွေ့ဆုံပွဲတွင်ချပြရမည့် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်ကောင်းများကို အချိန်မီအပြီးသတ်နိုင်ခြင်း မရှိသေးဟု ယူဆရသောကြောင့် ဖြစ်သည်။
ပေကျင်းဘက်က ထရမ့်-ရှီ ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှ အတည်ပြုခဲ့ခြင်း မရှိပေ။ တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန် ကလည်း အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကြောင့် ခရီးစဉ်အပေါ် သက်ရောက်နိုင်ခြေ ရှိ၊ မရှိကို တိုက်ရိုက်ဖြေကြားရန် ရှောင်လွှဲခဲ့သည်။
"ဒီနှစ်ဟာ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် တကယ်ကို အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်ပါတယ် ၊ အမေရိကန်နှင့် အဆင့်မြင့်အရာရှိချင်း အပြန်အလှန်တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်တွေက စားပွဲပေါ်မှာ ရှိနေပြီးသားပါ" ဟု နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မတ်လ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။ "လိုအပ်တာကတော့ နှစ်ဖက်စလုံးက စေ့စေ့စပ်စပ်ပြင်ဆင်မှုတွေလုပ်ဖို့၊ ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးဖို့၊ လက်ရှိ သဘောထားကွဲလွဲမှုတွေကို ထိန်းညှိဖို့နှင့် မလိုအပ်သည့် အနှောင့်အယှက်တွေကို ဖယ်ရှားပစ်ဖို့ပါပဲ" ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ထရမ့်နှင့် ရှီကျင့်ဖျင်တို့ နောက်ဆုံးတွင် တွေ့ဆုံဖြစ်ကြသည့်အခါ ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များဖြစ်သည့် အကောက်ခွန် ကိစ္စ၊ တရုတ်နိုင်ငံ၏ အဆင့်မြင့်မိုက်ခရိုချစ်ပ်များ ရယူနိုင်မှုအခြေအနေနှင့် တရုတ်က ၎င်း၏ ပိုင်နက်အဖြစ် အခိုင်အမာပြောဆိုနေသည့် ထိုင်ဝမ် ကျွန်းအရေး (ကမ္ဘာ့အကြီးမားဆုံး ပထဝီနိုင်ငံရေး တင်းမာမှုတစ်ခု) တို့ကို အဓိကထား ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ရသည်။
လတ်တလောတွင် ခရီးစဉ်ရွှေ့ဆိုင်းနိုင်ခြေရှိခြင်းကြောင့် ပေကျင်းအတွက် ရရှိနိုင်သည့် အဓိက သတင်းစကားမှာ တရုတ်ဘက်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားသည့် အီရန် စစ်ပွဲသည် မကြာမီကာလအတွင်း ပြီးဆုံးမည်မဟုတ်ကြောင်း အမေရိကန် သမ္မတ ကိုယ်တိုင် ဝန်ခံလိုက်ခြင်းပင် ဖြစ်နိုင်သည်။
ကိုးကား- CNN
Photo: The Straits Times
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
