ကျောက်ဆည်မြို့နယ်၌ နွေနှမ်းနှင့်မိုးကြိုပဲတီစိမ်းသီးနှံများ စတင် စိုက်ပျိုး
ကျောက်ဆည် မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေသီးနှံမျိုးစုံ စိုက်ပျိုးရာတွင် ဒေသန္တရ လျာထားချက် ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ့ရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်းနှင့် နွေနှမ်းနှင့်မိုးကြိုပဲတီစိမ်းသီးနှံများလည်း စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေနှမ်းသီးနှံ ၄၄၂၀၆ ဧကနှင့် မိုးကြိုပဲတီစိမ်းသီးနှံ ၃၂၉၆ ဧက စိုက်ပျိုးရန် လျာထားကြောင်းနှင့် စမာစိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော ဒါန်းတိုင် ကျေးရွာအုပ်စု၌ နွေနှမ်း ၅၁၀ ဧက၊ မိုးကြိုပဲတီစိမ်း ၅၀ ဧက၊ ရန်ဘက်လိုကျေးရွာအုပ်စု၌ နွေနှမ်း ၉၈၀ ဧက၊ မိုးကြိုပဲတီစိမ်း ၁၅၀ ဧက၊ ပေတောကြီးကျေးရွာအုပ်စု၌ နွေနှမ်း ၉၄၂ ဧက၊ မိုးကြိုပဲတီစိမ်း ၁၇၅ ဧက၊ ဘုံကွင်းကျေးရွာအုပ်စု၌ နွေနှမ်း ၆၂၂ ဧက၊ မိုးကြိုပဲတီစိမ်း ၄၀ ဧက၊ စင်းကွန်းကျေးရွာအုပ်စု၌ နွေနှမ်း ၉၂၅ ဧက၊ မိုးကြိုပဲတီစိမ်း ၇၅ ဧက၊ ပန်းခွာကျေးရွာအုပ်စု၌ နွေနှမ်း ၆၀၄ ဧက၊ မိုးကြိုပဲတီစိမ်း ၂၀၇ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိပြီး နွေနှမ်းနှင့် မိုးကြိုပဲတီစိမ်းသီးနှံများ စတင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နွေနှမ်းစိုက်ပျိုးခြင်းများနှင့်ပတ်သက်၍ ယခင်နှစ်များက ထယ်ရေးပြင်ကာ မိရိုးဖလာ မြေပြင်ပေါ်တွင်စိုက်ပျိုးရာ နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းသော်လည်း ရာသီဥတုအပြောင်းအလဲကြောင့် မိုးရွာသွန်းမှုများသည့်အခါ မိုးရေ ဝပ်ပြီး နှမ်းပင်များသေဆုံးသည့်အတွက် နှမ်းစိုက်တောင်သူများအနေဖြင့် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရကြောင်း ယခု နှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာအကူအညီရယူပြီး ဘောင်ကြီးတင်စနစ်ဖြင့် ပြောင်းလဲ စိုက်ပျိုးကြောင်း၊ ဘောင်ကြီးတင်စနစ်ဆိုသည်မှာ အကျယ်၄ ပေx အရှည် ၂၀ ပေ မြေပေါင်များပြုလုပ်၍ စိုက်ပျိုးကြောင်း၊ မြေပေါင်နှင့်ပြောင်းလဲစိုက်ပျိုးသည့်အတွက် နှမ်းပင်များ ရေလိုအချိန်တွင် ရေသွင်းနိုင်ပြီး မိုးများသည့်အခါ မိုးရေများကို အလွယ်တကူ ထုတ်နိုင်သည့်အတွက် နှမ်းပင်များ သေဆုံးမှုမရှိနိုင်ကြောင်း၊စိုက်ပျိုးရာ၌ တစ်နှင့်တစ်ပင် သတ်မှတ်အကွာအဝေးစိုက်ပျိုးသည့်အတွက် အထွက်နှုန်းလည်း သေချာကြောင်း နွေနှမ်းစိုက် တောင်သူ ဦးဝင်းမြင့်က ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)
