အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဒေသတစ်ခုလုံး မီးဟုန်းဟုန်းတောက်နေပြီး ကမ္ဘာ့စီးပွားရေး ရိုက်ခတ်မှုများဖြစ်ပေါ်နေကြောင်း ရုရှား သတိပေး
အမေရိကန်နှင့်အစ္စရေးတို့၏ အီရန်အပေါ် ကျူးကျော်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးမှာ “မီးဟုန်းဟုန်းတောက်” သကဲ့သို့ အခြေအနေဆိုးရွားနေပြီး ယင်းမှာ မိမိတို့ ကြိုတင် သတိပေးခဲ့သည့်အတိုင်း အန္တရာယ်ရှိသော နောက်ဆက်တွဲရလဒ်များဖြစ်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ပြောကြားလိုက်သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည့် အဆိုပါပဋိပက္ခကြောင့် စစ်ရေးနယ်ပယ်မှာ ဒေသတွင်းသို့ ကျယ်ပြန့်လာခဲ့ပြီး ကမ္ဘာ့စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင်လည်း အလွန်ဆိုးရွားသည့် ရိုက်ခတ်မှုများဖြစ်ပေါ် လျက်ရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဧပြီ ၅) က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အီရန်အစိုးရအား ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးများဖြင့် သတိပေးခဲ့ပြီး ပိတ်ဆို့ထားသည့်ဟော်မုဇ်ရေလက်ကြားအား အင်္ဂါနေ့ (ဧပြီ ၇) နောက်ဆုံးထား၍ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေး စက်ရုံ များနှင့် တံတားများကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
အီရန်ဘက်ကမူ အဆိုပါရေကြောင်းလမ်းကို အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ၏ ရေနံတင်ပို့မှုများအတွက်သာ ပိတ်ထားခြင်းဖြစ်ကြောင်း တုံ့ပြန်ထားပြီး ထရမ့်၏ ပြောဆိုချက်များနှင့်ပတ်သက်၍မူ ပက်စကော့ဗ် က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ပြီးခဲ့သည့်လအတွင်း အီရန်သည် အစ္စရေးနှင့် အမေရိကန်မဟာမိတ် ပင်လယ်ကွေ့နိုင်ငံများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ သကဲ့သို့ လက်ဘနွန်ရှိ ဟဇ်ဘိုလာအဖွဲ့၊ အီရတ်ပြည်သူ့စစ်များနှင့် ယီမင် ဟူသီအဖွဲ့တို့သည်လည်း အစ္စရေးနှင့် အမေရိကန်စစ်စခန်းများကို အသီးသီး တိုက်ခိုက်ခဲ့ကြသည်။ ယင်းပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်းများ ထိုးတက်သွားခဲ့ပြီး စားသုံးသူများအတွက် လောင်စာဆီကုန်ကျစရိတ် ကြီးမြင့်လာသည့် စွမ်းအင်ဆိုင်ရာ တုန်လှုပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
လက်ရှိတွင် အမေရိကန်၊ အီရန်နှင့် ဒေသတွင်းအကျိုးဆောင်များအကြား ၄၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း တီဟီရန်အစိုးရကမူ ဝါရှင်တန်နှင့် တိုက်ရိုက်ဆွေးနွေးနေခြင်းမရှိကြောင်း ငြင်းဆိုထားသည်ဟု သိရှိ ရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
