အမေရိကန်၏ အာရှမဟာမိတ်များ စီးပွားရေးအကျပ်အတည်းမှ လွတ်မြောက်ရန် နည်းလမ်းရှာဖွေနေကြရ
သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်အပေါ် ဆင်နွှဲနေသောစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ သမိုင်းဝင် စွမ်းအင်အကျပ်အတည်း ဖြစ်ပွားနေချိန်တွင် အမေရိကန်၏ အဓိကစစ်ဘက်မဟာမိတ် အချို့သည် ၎င်းတို့၏ စီးပွားရေးကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ရန် အီရန်အစိုးရထံ တိုက်ရိုက် အကူအညီ တောင်းခံလာကြသည်။
ဟော်မုဇ်ရေလက်ကြားရှိ အရေးပါသော ရေနံစိမ်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန် ထရမ့်၏ကြိုးပမ်းမှုအပေါ် အားကိုးမည့်အစား အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် အလွန်အမင်းမှီခိုနေရသည့် ဂျပန်နှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် အီရန်နှင့် သဘောတူညီမှုများရရှိရန် ကြိုးပမ်းလာကြသည်။ တစ်ချိန်တည်းမှာပင် တောင်ကိုရီးယားသည်လည်း အခြားဒေသတွင်းနိုင်ငံများထံမှ အကူအညီများကို ရှာဖွေလျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ အဆိုအရ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသယ်ယူနေသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပမာဏသည် တစ်ကမ္ဘာလုံးစားသုံးမှု၏ 20% ရှိပြီး ယင်းတို့အနက် အများစုမှာ အာရှသို့ ဦးတည်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က မိန့်ခွန်းတစ်ခုတွင် ထရမ့်သည် ဟော်မုဇ် ရေလက်ကြားအပေါ် အမေရိကန်၏မှီခိုမှုကို လျှော့ချပြောဆိုခဲ့ပြီး အဆိုပါ လမ်းကြောင်းမှတစ်ဆင့် ရေနံသယ်ယူမှုကို မှီခိုနေရသော အခြားနိုင်ငံများအနေဖြင့် ထိုလမ်းကြောင်း ဘေးကင်းရေးအတွက် ဦးဆောင်ရန်နှင့် တာဝန်ယူရန် တိုက်တွန်းခဲ့သည်။
ဂျပန်အခြေစိုက် NHK သတင်းဌာန၏အဆိုအရ ဂျပန်နှင့်ဆက်နွှယ်သည့် သင်္ဘောအချို့သည် မကြာသေးမီ ရက်ပိုင်းအတွင်းက ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဝန်ကြီးချုပ် စာနာအဲ တာကာအိချီ (Sanae Takaichi) က အီရန်သမ္မတနှင့် ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်နေကြောင်း တနင်္လာနေ့ (ဧပြီ ၆) တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယား အစိုးရသည်လည်း လက်ရှိတွင် ဟော်မုဇ် ရေလက်ကြား ၌ ပိတ်မိနေသော တောင်ကိုရီးယားအလံတင် သင်္ဘော ၂၆ စီး ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေနေသည်။ အလားတူပင် ရေနံစိမ်းနှင့် နက်ဖ်သာ (Naphtha) စွမ်းအင် အစားထိုး ရရှိနိုင်ရေး အတွက် ကာဇက်စတန်၊ အိုမန်နှင့် ဆော်ဒီအာရေဗျ နိုင်ငံများသို့ အထူး ကိုယ်စားလှယ်တစ်ဦး စေလွှတ်မည်ဖြစ်ကြောင်း ဆိုးလ်က အင်္ဂါနေ့ (ဧပြီ ၇) တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးသည် ဖိလစ်ပိုင် အလံတင်သင်္ဘောများ၊ စွမ်းအင်အရင်းအမြစ်များနှင့် ဖိလစ်ပိုင် သင်္ဘောသားများအားလုံး အဆိုပါရေလက်ကြားကို ဘေးအန္တရာယ်ကင်းပြီး လျင်မြန်စွာဖြတ်သန်းနိုင်ရေးအတွက် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ထံမှ ကတိကဝတ်များ ရရှိခဲ့သည်။
ထို့ပြင် အိန္ဒိယနှင့် ပါကစ္စတန်အပါအဝင် အခြားအာရှနိုင်ငံများသည်လည်း သင်္ဘောအချို့ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် အီရန်နှင့် သဘောတူညီမှုများ ရရှိထားကြပြီဖြစ်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
