အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ်က စက်သုံးဆီအခက်အခဲအတွက် သက်သာခွင့်များပေးအပ်မည်ဟု ကမ်းလှမ်း

News Image

  • အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ်က စက်သုံးဆီအခက်အခဲအတွက် သက်သာခွင့်များပေးအပ်မည်ဟု ကမ်းလှမ်း

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသောစစ်ပွဲကြောင့် စက်သုံးဆီထောက်ပံ့မှုများ ပြတ်တောက်ကာ အာဖရိကတစ်ဝှမ်း သွင်းကုန်စရိတ်များ မြင့်တက်နေချိန်တွင် နိုင်ဂျီးရီးယားနိုင်ငံရှိ Dangote ရေနံချက်စက်ရုံက အာဖရိကစျေးကွက်များသို့ စက်သုံးဆီနှင့် မြေသြဇာတင်ပို့မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ပြောကြားလိုက်သည်။

အာဖရိက၏ အကြီးဆုံးဖြစ်သော အဆိုပါရေနံချက်စက်ရုံသည် တစ်နေ့လျှင် စည်ပေါင်း ၆၅၀,၀၀၀ ထုတ်လုပ်နိုင်သည့် အမြင့်ဆုံးပမာဏဖြင့် လည်ပတ် နေပြီး လက်ရှိတွင် အာဖရိကနိုင်ငံများသို့ ဓာတ်ဆီသင်္ဘော ၁၇ စင်း တင်ပို့ပြီးဖြစ်ကြောင်း စက်ရုံပိုင်ရှင် Aliko Dangote က တနင်္လာနေ့ (ဧပြီ ၆) တွင် ပြောကြားခဲ့သည်။ ထို့အပြင် ဝယ်ယူသူများက အခြားသော အစားထိုးထောက်ပံ့မှုများကို ရှာဖွေနေကြသဖြင့် ယူရီးယား (Urea) ဓာတ်မြေသြဇာ တင်ပို့မှုကိုလည်း မြှင့်တင်ထားကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

လာဂို့စ် (Lagos) မြို့ပြင်ရှိ ၎င်း၏ကြီးမားသောစက်ရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုစဉ် ဘီလျံနာကြီး Dangote က “ကျွန်တော် အာမခံနိုင်တာ ကတော့ နိုင်ဂျီးရီးယားနိုင်ငံသားတွေအပြင် အနောက်အာဖရိက၊ အလယ်ပိုင်းအာဖရိကနဲ့ အရှေ့အာဖရိက ဒေသအများစုကို ထောက်ပံ့ပေးနိုင်စွမ်း ကျွန်တော်တို့မှာ ရှိပါတယ်” ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခင်က အဓိကဦးတည်ထားခြင်းမရှိသော အာဖရိကစျေးကွက်များသို့ ဓာတ်မြေသြဇာတင်ပို့မှုများကို ပိုမိုဦးတည်လုပ်ဆောင်နေကြောင်း Dangote က ဆိုသည်။ အဆိုပါစက်ရုံသည် တစ်နှစ်လျှင် ယူရီးယားဓာတ်မြေသြဇာ မက်ထရစ်တန်ချိန် ၃ သန်း အထိ ထုတ်လုပ်နိုင်ပြီး ပုံမှန်အားဖြင့် တင်ပို့မှု အများစုမှာ အမေရိကန်နှင့် တောင်အမေရိကသို့ ဦးတည်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂