အီရန်နိုင်ငံ၏ ကမ်းရိုးတန်းများ သို့မဟုတ် ကျွန်းစုများ တိုက်ခိုက်ခံရပါက ပါရှန်ပင်လယ်ကွေ့အတွင်း ရေမြုပ်မိုင်းများ ထောင်သွားမည်ဟု အီရန် က ခြိမ်းခြောက်

News Image

  • အီရန်နိုင်ငံ၏ ကမ်းရိုးတန်းများ သို့မဟုတ် ကျွန်းစုများ တိုက်ခိုက်ခံရပါက ပါရှန်ပင်လယ်ကွေ့အတွင်း ရေမြုပ်မိုင်းများ ထောင်သွားမည်ဟု အီရန် က ခြိမ်းခြောက်

အီရန်နိုင်ငံ၏ ကမ်းရိုးတန်းများ သို့မဟုတ် ကျွန်းစုများ တိုက်ခိုက်ခံရပါက ပါရှန်ပင်လယ်ကွေ့တစ်ခုလုံးကို ပိတ်ဆို့ရန်အတွက် ရေမြုပ်မိုင်းများချထားသွားမည်ဟု အီရန် ကာကွယ်ရေးကောင်စီက ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့ (မတ် ၂၃) တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆင့်မြင့်လုံခြုံရေးအဖွဲ့အစည်းတစ်ခုဖြစ်သော ကာကွယ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် "စစ်မက်ဖြစ်ပွားခြင်းမရှိသည့် နိုင်ငံများအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ အီရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန်သာဖြစ်သည်" ဟု ဖော်ပြ ထားကြောင်း တရားဝင်သတင်းဌာနတစ်ခုဖြစ်သည့် Fars News က ဆိုသည်။

"ရန်သူက အီရန်ကမ်းရိုးတန်းများ သို့မဟုတ် ကျွန်းစုများကို တိုက်ခိုက်ရန်ကြိုးပမ်းလာပါက ပါရှန်ပင်လယ်ကွေ့နှင့် ကမ်းရိုးတန်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများနှင့် ဝင်ရောက်နိုင်သည့် လမ်းကြောင်းအားလုံးတွင် အမျိုးမျိုးသောရေမြုပ်မိုင်းများကို ထောင်သွားမည်ဖြစ်သည်" ဟု ကာကွယ်ရေးကောင်စီက ပြောကြားခဲ့သည်။ ထို့အပြင် "ပါရှန်ပင်လယ်ကွေ့ တစ်ခုလုံး ကို ထိရောက်စွာ ပိတ်ဆို့သွားမည်ဖြစ်ပြီး ယင်းဖြစ်ရပ်အတွက် တာဝန်ရှိမှုမှာ ခြိမ်းခြောက်သူအပေါ်၌သာ မူတည်လိမ့်မည်" ဟုလည်း ဖြည့်စွက် ပြောဆိုခဲ့သည်။

အဆိုပါ သတိပေးချက်သည် အဓိက ရေလမ်းကြောင်းကို တနင်္လာနေ့ (မတ် ၂၃) ညနေပိုင်းတွင် ပြန်မဖွင့်ပေးပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ဗုံးကြဲတိုက်ခိုက်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုအပေါ် အီရန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မည်ဖြစ်ကြောင်းနှင့် ဒေသတွင်း အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဟု တုံ့ပြန်ကြေညာခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂