တိုက်ကြီးမြို့နယ် တိုင်းရင်းသားစာပေသင် ဆရာ ဆရာမများ မွမ်းမံသင်တန်း ဆင်းပွဲကျင်းပ
ရန်ကုန် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်၌ တိုင်းရင်းသားဘာသာ သင်ကြားရေး အထောက်အကူပြု (Teaching Assistant-TA)နှင့် တိုင်းရင်းသားစာပေသင် (Language Teacher-LT) ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲကို မတ်လ ၂၅ ရက်တွင် ရှမ်းကျောင်းကြီးကျောင်းတိုက် နှီးဘုရားကြီးဓမ္မာရုံ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းရင်းသားစာပေနှင့် ဘာသာစကားကို အရေး၊ အဖတ်၊ အပြောကဏ္ဍစုံတွင် ပိုမိုစနစ်ကျပြီး ပိုင်နိုင်စွာသင်ကြားပေးနိုင်သည့် အရည်အသွေးမြင့် ဆရာ၊ ဆရာမများ ဖြစ်လာစေရန် ရည်ရွယ်၍ မွမ်းမံသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ တိုက်ကြီးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းကျော်ထူးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းရင်းသားဘာသာ သင်ကြားရေး အထောက်အကူပြု (Teaching Assistant-TA)နှင့် တိုင်းရင်းသား စာပေသင် (Language Teacher - LT) ဆရာ၊ ဆရာမများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး ရှမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
MWD
