ကျောက်ဆည်မြို့၌ ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ကျောက်ဆည်၊ ဧပြီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်တွင် ကျင်းပပြုလုပ်မည့် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီက ခရိုင်လမ်းဦးစီးရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် မြန်မာ့ဓလေ့ထုံးစံနှင့်အညီ ပြည်သူများ၏ ပင်ပန်းနွမ်းနယ်မှုကို အတာရေပက်ဖျန်း၍ စည်ကားပျော်ရွှင်စွာဖြင့် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် လမ်းလျှောက်သင်္ကြန် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြို့မိ/မြို့ဖများနှင့် ပူးပေါင်းဆောင်ရွက်စေရေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်ရေးနှင့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
