စီအင်န်ဂျီသုံး ဝိုင်ဘီအက်စ်ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်းပြေးဆွဲခြင်းမရှိဘဲ ကြိုပို့ဆောင်ရွက်ပါက စီအင်န်ဂျီပိတ်သိမ်းအရေးယူသွားမည်
ရန်ကုန် မတ် ၂၆
စီအင်န်ဂျီသုံး ဝိုင်ဘီအက်စ်ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိဘဲ ကြိုပို့ဆောင်ရွက်ပါက စီအင်န်ဂျီပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲမှ သိရသည်။
“ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အရ ဝိုင်ဘီအက်စ်ယာဉ်ထွက်အင်အားတိုးတက်လာဖို့၊ ယာဉ်တွေများများပြေးဆွဲနိုင်ဖို့အတွက် စီအင်န်ဂျီသုံးဝိုင်ဘီအက်စ်ယာဉ်တွေ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ ကြိုပို့ယာဉ်အဖြစ်ဆောင်ရွက်တာတို့၊ တခြားနည်းအသုံးပြုတာတို့လုပ်ခဲ့ရင် စီအင်န်ဂျီ ပိတ်သိမ်းတဲ့အထိအရေးယူသွားမှာဖြစ်ပါတယ်” ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
ယခုနှစ် မတ်လဆန်းပိုင်းတွင် ဝိုင်ဘီအက်စ်ယာဉ်လိုင်း ၁၃၂ လိုင်း၊ ယာဉ်စီးရေ ၃၄ဝဝ ခန့် နေ့စဉ် ပြေးဆွဲပေးနေပြီး ခရီးသည် ၁ ဒသမ ၄၆ သန်းခန့်ရှိရာမှ စက်သုံးဆီကန့်သတ်ချက်ကြောင့် စုံ/မ စနစ် ကျင့်သုံးသည့်ကာလ လက်ရှိအချိန်တွင် ယာဉ်လိုင်းပေါင်း ၁၃၂ လိုင်း၊ ယာဉ်စီးရေ ၃၅ဝဝ ခန့် နေ့စဉ် ပြေးဆွဲပေးနေပြီး ခရီးသည် ၁ ဒသမ ၇ သန်းခန့်ထိရှိလာရာ ယခင်ထက် ခရီးသည်အရေအတွက် ၂၅၀၀၀၀ ကျော် တိုးတက်စီးနင်းလာကြောင်း YRTC မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ဒီဇယ်သုံး ဝိုင်ဘီအက်စ်ယာဉ်များအား တစ်ရက်လျှင် ဒီဇယ် လီတာ ၂ဝ ကို တန်းစီဝယ်ယူနေရခြင်းမှ နေ့စဉ် လီတာ ၄ဝ ကို ညဉ့်အချိန်တွင်ဆီဖြည့်ပြီး ခေါက်ရေပြည့်မီအောင်ပြေးဆွဲနိုင်ရေး စီစဉ်ပေးခြင်းကြောင့် ခရီးသွားပြည်သူများအတွက် ယာဉ်ထွက်စီးရေတိုးတက်လာမည်ဖြစ်ကြောင်း၊ YRTC ၏ ကြီးကြပ်မှုအောက်တွင် ဝိုင်ဘီအက်စ်ယာဉ် လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၅ လိုင်း၊ ယာဉ်စီးရေ ၅၄၃၈ စီးရှိပြီး စီအင်န်ဂျီအသုံးပြုယာဉ် ၅ဝ၁၃ စီး၊ ဒီဇယ်အသုံးပြုယာဉ် ၄၂၃ စီးရှိကြောင်း သိရသည်။
ကိုထက်
MDN
