အစိမ်းရောင်စွမ်းအင်ဆိုင်ရာ စီမံကိန်းများအပေါ် မူလရပ်တည်ချက်အား ဂျာမနီ ရုတ်တရက် ပြောင်းလဲ
ရုပ်ကြွင်းလောင်စာများ (Fossil Fuels) သုံးစွဲမှုကို လုံးဝရပ်ဆိုင်းလိုက်ခြင်းသည် ဂျာမနီနိုင်ငံ၏ စက်မှုကဏ္ဍကို ပျက်စီးစေလိမ့်မည်ဟု ဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) က ပြောကြားခဲ့သည်။ ၎င်းသည် ဂျာမနီနိုင်ငံက ယခင်ကကိုင်စွဲခဲ့သော အစိမ်းရောင်စွမ်းအင် (Green Energy) သို့ အတင်းအကျပ်ကူးပြောင်းရေးမူဝါဒမှ လမ်းခွဲထွက်လိုက်ခြင်းပင်ဖြစ်သည်။ စွမ်းအင်တင်သွင်းမှု လျော့ကျလာခြင်းနှင့်ကုန်ကျစရိတ်မြင့်မားလာခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာအကျိုးဆက်များကို ဂျာမနီနိုင်ငံကရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ မူဝါဒအပြောင်းအလဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထို့အပြင် အီရန်ပဋိပက္ခနှင့် ဟော်မုဇ်ရေလက်ကြားတစ်ဝိုက် အနှောင့်အယှက်များကြောင့် စွမ်းအင်ဈေးနှုန်းများထိုးတက်သွားခြင်းက ဂျာမနီ၏ စက်မှုလုပ်ငန်းများအပေါ် ဖိအား ပိုမိုများပြားစေခဲ့သည်။ ဥရောပ၏ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော ဂျာမနီသည် ၎င်း၏ ကုန်ထုတ်လုပ်မှု ကဏ္ဍကို ထိန်းကျောင်းနိုင်ရန်အတွက် ဈေးသက်သာပြီးတည်ငြိမ်သောစွမ်းအင်အပေါ် နှစ်ရှည်လများ မှီခိုခဲ့ရသည်။ ထိုပုံစံသည် ရုရှားမှ ပိုက်လိုင်း ဖြင့်ပေးပို့သော သဘာဝဓာတ်ငွေ့အပေါ် အခြေခံခဲ့သော်လည်း ၂၀၂၂ ခုနှစ် ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် ဘာလင်အစိုးရသည် ရုရှားဓာတ်ငွေ့ကိုစွန့်လွှတ်ခဲ့ကာ ပိုမိုဈေးကြီးသော ရင်းမြစ်များသို့ ပြောင်းလဲခဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဘက်သို့ အရှိန်အဟုန်မြှင့် ကူးပြောင်းရန် ကြိုးပမ်းခဲ့သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (မတ် ၂၅) က ပါလီမန် (Bundestag) တွင် ပြောကြားခဲ့သောမိန့်ခွန်း၌ မာ့ဇ်က "ရေနံနှင့် သဘာဝဓာတ်ငွေ့ကို စွန့်လွှတ်ခြင်းသည် အဓိကကျသော စက်မှုလုပ်ငန်းများ၊ အထူးသဖြင့် ဓာတုဗေဒလုပ်ငန်းများကို အန္တရာယ်ဖြစ်စေလိမ့်မည်" ဟု သတိပေးခဲ့ပြီး "မိမိတို့၏ စက်မှုကဏ္ဍ အစိတ်အပိုင်းများစွာမှာ ဆက်လက် ရပ်တည်နိုင် တော့မည်မဟုတ်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့သည် မိမိတို့၏ စက်မှုလုပ်ငန်းအတွက် အရေးပါသော ကုန်ကြမ်းများဖြစ်သည်ဟုဆိုကာ ဂျာမနီ အနေဖြင့် စွမ်းအင်တင်သွင်းနိုင်ရုံသာမက သဘာဝဓာတ်ငွေ့ကို ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်းပါ ရှိထားရန်လိုအပ်ကြောင်း တောင်းဆိုခဲ့သည်။ သို့သော်လည်း မကြာသေးမီကပြုလုပ်ခဲ့သော သုတေသနများအရ ဂျာမနီ နိုင်ငံအတွင်းရှိ ဓာတ်ငွေ့သိုက်များမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်ရာ ၎င်းတို့၏အရန်သယံဇာတများအပေါ် အားကိုး၍ မရနိုင်တော့ကြောင်း သိရှိရသည်။
ထိုအခြေအနေကြောင့် စွမ်းအင်တင်သွင်းမှုအပေါ် လုံးဝနီးပါး မှီခိုနေရသော ဂျာမနီစီးပွားရေးမှာ စရိတ်ကြီးမြင့်မှုနှင့် ရုတ်တရက် စွမ်းအင်ပြတ်တောက်မှု အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ ယခင်က ဂျာမနီ၏ သဘာဝဓာတ်ငွေ့ ၅၅ ရာခိုင်နှုန်းမှာ ရုရှားမှရရှိခြင်းဖြစ်ပြီး ရုရှားစွမ်းအင်ကို စွန့်လွှတ်လိုက်ကတည်းက ဂျာမနီစီးပွားရေးမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
မာ့ဇ်၏ သတိပေးချက်သည် စွမ်းအင်အလွန်အကျွံသုံးစွဲရသည့် စက်မှုအချက်အခြာနေရာများကို ရည်ရွယ်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဂျာမနီ၏ အကြီးဆုံးစက်မှုလုပ်ငန်းသုံး ဓာတ်ငွေ့သုံးစွဲသူဖြစ်သည့် Ludwigshafen ရှိ BASF စက်မှုဇုန်တွင် စွမ်းအင်နှင့်ကုန်ကြမ်းစရိတ် တက်လာခြင်းကြောင့် ထုတ်ကုန်ဈေးနှုန်းများကို မြှင့်တင်ခဲ့ရသည်။
ဘာဗေးရီးယားပြည်နယ်ရှိ “Chemical Triangle” အပါအဝင် အခြားသော စက်မှုဇုန်များတွင်လည်း ကုမ္ပဏီများသည် ဆိုးရွားသော အခြေအနေ များနှင့် ရင်ဆိုင်နေရကြောင်း တင်ပြထားကြသည်။ လျှပ်စစ်ဈေးနှုန်းမြင့်မားခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်ခြင်းတို့ကြောင့် အချို့ကုမ္ပဏီများသည် ထုတ်လုပ်မှုလျှော့ချရန် သို့မဟုတ် စက်ရုံများကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး (၂)
