ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း သီဟိုဠ်စေ့ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

News Image

  • ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း သီဟိုဠ်စေ့ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

ရေကြည် မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း သီဟိုဠ်စေ့ ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေကြည်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအောင် က ပြောပြသည်။

ရေကြည်မြို့နယ်မှ ရန်ကုန်မြို့သို့ လယ်ယာထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိရာ ပြီးခဲ့သော မတ်လအတွင်းက သီဟိုဠ်စေ့ပိဿာချိန် ၃၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလတစ်လအတွင်း သီဟိုဠ်စေ့ပိဿာချိန် ၄၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

"ရေကြည်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို သီဟိုဠ်စေ့တွေ တင်ပို့ရောင်းချအားတက်လာပါတယ်။ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့တဲ့ သီဟိုဠ်စေ့တွေက အသစ်တွေပါ။ ဒေသထွက် သီဟိုဠ်စေ့တွေကို ရေကြည်မြို့ကနေတဆင့် ရန်ကုန်မြို့ကို တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကလဲ ဝယ်ယူတာများနေပါတယ်''ဟု ရေကြည်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအောင်က ပြောပြသည်။

ရေကြည်မြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ဒေသထွက်သီဟိုဠ်စေ့ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ မှ ၁၇၅၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဒေသထွက် သီဟိုဠ်စေ့များကို ပွဲရုံပိုင်ရှင်များက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်လင်း

ရတနာပုံ