အယ်လ်နီညိုဖြစ်စဉ်မတိုင်မီ အင်ဒိုနီးရှား၌ တောမီးများ စောစီးစွာလောင်ကျွမ်းနေ၊ မီးခိုးငွေ့အန္တရာယ် စိုးရိမ်ရ
အယ်လ်နီညိုဖြစ်စဉ်မတိုင်မီမှာပင် အင်ဒိုနီးရှားနိုင်ငံ၌ တောမီးများစောစီးစွာ လောင်ကျွမ်းနေပြီဖြစ်သဖြင့် မီးခိုးငွေ့အန္တရာယ်စိုးရိမ်ရကြောင်း တာဝန်ရှိသူများက မတ်လ၂၈ ရက်တွင်ထုတ်ပြန်ထားသည်။ အရှေ့တောင်အာရှတွင် မိုးနည်းပါးခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ကို ဖြစ်ပေါ်စေသည့် အယ်လ်နီညိုဖြစ်စဉ်သည် ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်တွင်ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိရှိကြောင်း မိုးလေဝသ၊ ဇလဗေဒနှင့် ဘူမိရူပဗေဒအေဂျင်စီက ခန့်မှန်းထားသည်။
အမျိုးသားသုတေသနနှင့် တီထွင်ဆန်းသစ်မှုအေဂျင်စီက ဂေါ်ဇီလာအယ်လ်နီညိုဟုခေါ်သည့် ကြီးမားသောရာသီဥတုဖြစ်စဉ်သည် ဧပြီလတွင် စတင်ကျရောက်နိုင်သည်ဟု မတ်လ ၁၉ ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။
လက်ရှိတွင်ဆူမားတြားနှင့် ကာလီမန်တန်ပြည်နယ်တို့၌ တောမီးလောင်မှုများစတင်နေပြီဖြစ်ကာ ရီအောပြည်နယ်တွင် ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၂၄ ရက်အထိတောမီးလောင်ကျွမ်းမှုသည် ၂၀၂၅ ခုနှစ်အလားတူကာလကထက် နှစ်ဆမြင့်တက်လာသည်။ အင်ဒိုနီးရှား တောမီးလောင်မှုသည် စင်ကာပူနှင့် အရှေ့တောင်အာရှ ဒေသအချို့သို့ မီးခိုးငွေ့ရောက်ရှိစေသည့် အဓိကအရင်းအမြစ်များ ဖြစ်ကြောင်းသိရသည်။
MWD
