အမေရိကန်နိုင်ငံ ဟာဝိုင်ရီပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုပြဿနာဖြင့် ရင်ဆိုင်နေရ
ဝါရှင်တန် မတ် ၂၂
အမေရိကန်နိုင်ငံ ဟာဝိုင်ရီပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုပြဿနာဖြင့် ရင်ဆိုင်နေရကြောင်း National Weather Services ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ရေးသားဖော်ပြထားသည်။
မုန်တိုင်းဝင်ရောက်ခဲ့ခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကာ ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်းနေရကြောင်း၊ ရေဘေးအန္တရာယ်ဖြင့် အဓိက ရင်ဆိုင်နေရသည့် ဒေသများမှာ အိုအာဟူ ကျွန်းနှင့် မော်အီကောင်တီတို့ဖြစ်ကြောင်း၊ ဟာဝိုင်ရီပြည်နယ်၏ နေရာတချို့တွင် မိုးရေချိန်မှာ လက်မ ၄၀ မှ ၅၀ ထိမြင့်တက်နေသည့်အတွက်ကြောင့် ရေကြီးရေလျှံမှုကို အရေးပေါ်အဆင့်အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
"ဟာဝိုင်ရီပြည်နယ်ရဲ့ နေရာတော်တော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ မုန်တိုင်းဝင်ရောက်ခဲ့ပြီး မိုးရေချိန်မြင့်မားတဲ့အတွက်ကြောင့်လဲ ရေကြီးရေလျှံမှုဖြစ်ပေါ်နေတာဖြစ်ပါတယ်။ အိုအာဟူ ကျွန်းနဲ့ မော်အီကောင်တီတို့မှာ ရေဘေးအန္တရာယ်နဲ့ ဆိုးရွားစွာ ရင်ဆိုင်နေရပါတယ်"ဟု ဟာဝိုင်ရီ ပြည်နယ်ဝန်ကြီးချုပ် ဂျို့စ်ဂရင်း က ပြောကြားခဲ့ကြောင်း သိရသည်။
ရတနာပုံ
