တူရကီနိုင်ငံဘက်သို့ ဦးတည်လာသော အီရန်ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း NATO အဖွဲ့က ပြောကြား
အီရန်နိုင်ငံမှပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်း တူရကီ လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီးနောက် မြေထဲပင်လယ်အတွင်းရှိ NATO တပ်ဖွဲ့ဝင်များက ကြားဖြတ်ဟန့်တား (Neutralize) နိုင်ခဲ့ကြောင်း အန်ကာရာအစိုးရက မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။ ၎င်းဖြစ်ရပ်သည် အီရန်၏ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် လက်နက်ခဲယမ်းများကို တူရကီနိုင်ငံအတွင်းရှိ နေတိုး ကာကွယ်ရေးတပ်ဖွဲ့များက စတုတ္ထအကြိမ်မြောက် ကြားဖြတ်ဟန့်တားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
တူရကီကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ X လူမှုကွန်ရက် စာမျက်နှာတွင် "အီရန်နိုင်ငံမှ ပစ်လွှတ်လိုက်ကြောင်း အတည်ပြုနိုင်ပြီး တူရကီ လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ပဲ့ထိန်း ဒုံးကျည်တစ်စင်းကို မြေထဲပင်လယ်အရှေ့ပိုင်းတွင် တပ်ဖြန့်ထားသည့် နေတိုး လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့များက ချေမှုန်းနိုင်ခဲ့သည်" ဟု ရေးသားဖော်ပြခဲ့သည်။
ထို့အပြင် အဆိုပါဝန်ကြီးဌာနက "မိမိတို့နိုင်ငံ၏ နယ်နိမိတ်နှင့် လေပိုင်နက်အပေါ် ဦးတည်လာသော မည်သည့်ခြိမ်းခြောက်မှုကိုမဆို ပြတ်ပြတ်သားသား နှင့် တွန့်ဆုတ်မှုမရှိဘဲ လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ အားလုံးကို လုပ်ဆောင်လျက်ရှိသည်" ဟုလည်း ဆက်လက်ဖော်ပြထားသည်။
နေတိုးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Allison Hart ကလည်း စစ်ဘက် မဟာမိတ်အဖွဲ့အနေဖြင့် တူရကီနိုင်ငံဘက်သို့ ဦးတည်လာသော အီရန် ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း နောက်ပိုင်းတွင် အတည်ပြုခဲ့ပြီး မဟာမိတ်နိုင်ငံများကို ကာကွယ်ရန်အတွက် လိုအပ်သည်များကို လုပ်ဆောင်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။
အီရန်နိုင်ငံဘက်ကမူ ၎င်းတို့အနေဖြင့် တူရကီနိုင်ငံဘက်သို့ ဒုံးကျည်များ ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း ယခင်ကတည်းက ငြင်းဆိုထားခဲ့သည်။
ကိုးကား- CNN
Photo: Reuters
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
