စွမ်းအင်အကျပ်အတည်း ဖြစ်ပေါ်နေစဉ်အတွင်း အိန္ဒိယနိုင်ငံက ရေနံဆီဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့
အိန္ဒိယနိုင်ငံ၏ နေရာများစွာတွင် ဖြစ်ပေါ်နေသော သဘာဝဓာတ်ငွေ့ ပြတ်လပ်မှုပြဿနာကို ဖြေရှင်းဆောင်ရွက်ရန် ကြိုးပမ်းသည့်အနေဖြင့် ရေနံဆီဘေးကင်းလုံခြုံရေးနှင့် ဖြန့်ဖြူးရေးဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့ပေးရန် အိန္ဒိယအစိုးရက ဆုံးဖြတ်လိုက်သည်။ ရက်ပေါင်း ၆၀ ကြာ အသက်ဝင်မည့် အဆိုပါလုပ်ဆောင်ချက်များအရ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ၂၁ ခုရှိ ရွေးချယ်ထားသော စက်သုံးဆီဆိုင်များတွင် ရေနံဆီများကို ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနက တနင်္ဂနွေနေ့ (မတ် ၂၉) တွင် ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသ အကျပ်အတည်းကြောင့် အိန္ဒိယနိုင်ငံ၏ ဒေသအများအပြား၌ စွမ်းအင်ထောက်ပံ့မှု အနှောင့်အယှက်များနှင့် ရင်ဆိုင်နေရချိန်တွင် ယခုခြေလှမ်းသည် ရေနံဆီသိုလှောင်မှု၊ သယ်ယူပို့ဆောင်မှုနှင့် နောက်ဆုံးအဆင့် ဖြန့်ဖြူးမှုလုပ်ငန်းစဉ်များကို မြန်ဆန်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
"အနောက်အာရှ၏ ပြောင်းလဲနေသော အခြေအနေများကြားတွင် အိန္ဒိယ အစိုးရသည် အစဉ်တစိုက် စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး အဓိက ကဏ္ဍ များတွင် တည်ငြိမ်မှုရှိစေရန် သင့်လျော်သောပြင်ဆင်မှုများနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို အကောင်အထည်ဖော်လျက်ရှိသည်" ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် "စွမ်းအင်ထောက်ပံ့မှုများ မပြတ်တောက်စေရန်၊ ရေကြောင်းသွားလာရေး လုပ်ငန်းများကို ဘေးကင်းလုံခြုံစေရန်နှင့် အဆိုပါဒေသရှိ အိန္ဒိယနိုင်ငံသားများအား လိုအပ်သောအကူအညီများ ပေးအပ်နိုင်ရန်အတွက် အလေးထား ဆောင်ရွက်လျက်ရှိသည်" ဟုလည်း ဆိုသည်။
အိန္ဒိယနိုင်ငံသည် ၎င်းအသုံးပြုနေသော ရေနံ၏ ၈၅ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့၏ ထက်ဝက်နီးပါးကို ပြည်ပမှ တင်သွင်းနေရခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်း၏ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှု ထက်ဝက်ခန့်မှာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဖြတ်သန်းသွားလာနေရခြင်း ဖြစ်သည်။ ယူကရိန်းပဋိပက္ခ အရှိန်မြင့်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံထံမှ သဘာဝ ဓာတ်ငွေ့ရည် (LNG) ကို တိုက်ရိုက်ဝယ်ယူမှုများ ပြန်လည် စတင်ရန်အတွက်လည်း တောင်အာရှနိုင်ငံဖြစ်သော အိန္ဒိယက ယခုအခါ ဆွေးနွေးလျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်က နယူးဒေလီ၏ ထုတ်ပြန်ချက်အရ နိုင်ငံ၏ လိုအပ်ချက်အတွက် အနည်းဆုံး ရက်ပေါင်း ၆၀ စာ အတွက် လုံလောက်သည့် စက်သုံးဆီအရန်သင့်ရှိကြောင်း သိရှိရသည်။ ကမ္ဘာ့စတုတ္ထမြောက် အကြီးဆုံး ရေနံချက်လုပ်သည့်နိုင်ငံနှင့် ပဉ္စမမြောက် အကြီးဆုံး စက်သုံးဆီ ထုတ်ကုန် တင်ပို့သည့်နိုင်ငံဖြစ်သော အိန္ဒိယသည် နိုင်ငံပေါင်း ၁၅၀ ကျော် သို့ ချောဆီနှင့် စက်သုံးဆီများ ထောက်ပံ့ပေးနေကြောင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
စနေနေ့ (မတ် ၂၈) တွင်မူ သီရိလင်္ကာသမ္မတ အနုရ ကုမာရ ဒိသာ နာယကက အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီထံ အထူး မေတ္တာရပ်ခံခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက သီရိလင်္ကာသို့ စက်သုံးဆီ မက်ထရစ်တန် ၃၈,၀၀၀ ပေးပို့ခဲ့သည်။ အဆိုပါ ထောက်ပံ့မှုတွင် ဒီဇယ်တန်ချိန် ၂၀,၀၀၀ နှင့် ဓာတ်ဆီတန်ချိန် ၁၈,၀၀၀ ပါဝင်ကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
