ပေကျင်းတွင် ထရမ့်နှင့် ရှီကျင့်ဖျင် တွေ့ဆုံ၊ အရှေ့အလယ်ပိုင်းအရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံသို့ ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာပြီး သမ္မတ ရှီကျင့်ဖျင် နှင့် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကြာသပတေးနေ့ (မေ ၁၄) က တွေ့ဆုံခဲ့ကြသည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် ခေါင်းဆောင်နှစ်ဦးသည် ရင်းနှီး ပွင့်လင်းစွာ နှုတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် ယခင်ကထက် ပိုမို ကောင်းမွန် လာမည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ သမ္မတရှီကျင့်ဖျင် က နှစ်နိုင်ငံကြားတွင် ကွဲလွဲမှုများထက် ဘုံအကျိုးစီးပွားများက ပို၍များပြားကြောင်းနှင့် ပြိုင်ဘက်များအဖြစ်မဟုတ်ဘဲ မိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းခဲ့ပြီး သမ္မတထရမ့်ကလည်း ရှီကျင့်ဖျင်၏ ခေါင်းဆောင်မှုအပေါ် လေးစားမှုရှိကြောင်းနှင့် နှစ်နိုင်ငံကြား အတူတကွ တောက်ပသော အနာဂတ်ရှိလာမည်ဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။
ယခုခရီးစဉ်သည် အရှေ့အလယ်ပိုင်းတွင် အီရန်နှင့် အမေရိကန်-အစ္စရေး တို့အကြား တင်းမာမှုများ မြင့်တက်နေပြီး ကမ္ဘာ့အရေးပါသည့် ရေနံ ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရချိန်နှင့်တိုက်ဆိုင်နေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က အီရန်နှင့် ညှိနှိုင်းမှုများတွင် တရုတ်နိုင်ငံအနေဖြင့် ပိုမိုတက်ကြွစွာပါဝင်လာစေရန် တိုက်တွန်းသွားမည်ဟု ဆိုသည်။ အီရန်နှင့်ဆက်စပ်၍ တရုတ်ကုမ္ပဏီအချို့ကို အမေရိကန်က ပိတ်ဆို့အရေးယူခဲ့မှုများကြောင့် တင်းမာမှုများရှိခဲ့သော်လည်း ယခုဆွေးနွေးပွဲသည် အဆိုပါ အကျပ်အတည်းများကိုဖြေရှင်းရန် ကြိုးပမ်းမှုတစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်လျက်ရှိကြသည်။
သမ္မတထရမ့်နှင့်အတူ အီလွန်မက် (Tesla)၊ တင်ကွတ် (Apple) နှင့် ဂျန်ဆင်ဟွမ် (Nvidia) တို့ကဲ့သို့သော ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ လိုက်ပါလာကြသည်။ ထိုကဲ့သို့ ခိုင်မာသော စီးပွားရေးကိုယ်စားလှယ်အဖွဲ့ပါဝင်လာမှုသည် အမေရိကန်နှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် နည်းပညာကဏ္ဍများတွင် အဓိကကျသော သဘောတူညီချက်များ ရရှိလာနိုင်ဖွယ်ရှိကြောင်း ညွှန်ပြနေပြီး နှစ်နိုင်ငံလုံးအတွက် အပြန်အလှန်အကျိုးရှိမည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအသစ်များကို ဦးတည်လျက်ရှိကြောင်း တွေ့ရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
