နိုင်ငံသားများကို လောင်စာဆီချွေတာသုံးစွဲရန် အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း

News Image

  • နိုင်ငံသားများကို လောင်စာဆီချွေတာသုံးစွဲရန် အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း

နယူးဒေလီ   မေ  ၁၂

ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် နိုင်ငံသားများကို လောင်စာဆီ လျှော့ချအသုံးပြုရေးအပါအဝင်  ခြိုးခြံချွေတာရေးအစီအစဉ်များအား  လိုက်နာကျင့်သုံးကြရန် အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီက တိုက်တွန်းလိုက်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ  ကူးစက်ဖြစ်ပွားသည့် ကာလအတွင်း  ကျင့်သုံးခဲ့သည့် နေအိမ်မှ အလုပ်လုပ်သည့်အစီအစဉ်အား လိုအပ်၍ နိုင်ငံအကျိုးရှိမည်ဆိုပါက ပြန်လည်စတင်သင့်ပြီး နည်းလမ်းပေါင်းစုံဖြင့် ဓာတ်ဆီနှင့် ဒီဇယ် စသည့်စက်သုံးဆီအသုံးပြုမှုများကို လျှော့ချသွားရမည်ဖြစ်ကြောင်း ယမန်နေ့ လူထုအစည်းအဝေးပွဲတစ်ခုတွင်  ၎င်းက ပြောကြားခဲ့သည်။  

ပြည်သူများအား အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များကို ပိုမိုအသုံးပြုရန်နှင့် ပြည်ပသို့ မလိုအပ်ဘဲ ခရီးမသွားရန်တို့အပြင်  နိုင်ငံခြားမှတင်သွင်းသည့် စားရေရိက္ခာများကိုလည်း ဝယ်ယူမှုလျှော့ချရန် တိုက်တွန်းခဲ့သည်။

နယူးဒေလီရှိ မြို့ခံများမှာ စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်မကင်းရှိနေကြပြီး အမျိုးသားတစ်ဦးက ယခုအစီအစဉ်မှာ ထင်သလောက်မလွယ်ကူဟုပြောကြားခဲ့သော်လည်း အများစုမှာ  ဝန်ကြီးချုပ်၏  အစီအမံများကို  သဘောကျလျက်ရှိသည်။

အိန္ဒိယနိုင်ငံသည် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အဓိကအားဖြင့် အရှေ့အလယ်ပိုင်းကို မှီခိုနေရသည်။ အစိုးရက ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများကို ထိန်းချုပ်ထားသော်လည်း အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများ ရှည်ကြာလာပါက အိန္ဒိယ၏ စီးပွားရေးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ကို စိုးရိမ်မှုများ တိုးလာနေသည်။

ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ

MDN