အမေရိကန်၌ လျှပ်စစ်ကားထုတ်လုပ်ခြင်းထက် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံရန် ဂျပန်ကားကုမ္ပဏီများ ပိုမိုစိတ်ဝင်စားလာ

News Image

  • အမေရိကန်၌ လျှပ်စစ်ကားထုတ်လုပ်ခြင်းထက် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံရန် ဂျပန်ကားကုမ္ပဏီများ ပိုမိုစိတ်ဝင်စားလာ

တိုကျို  မေ  ၁၂

ဂျပန်ကားထုတ်လုပ်သော ကုမ္ပဏီများသည် ဝယ်လိုအားမြင့်တက်နေသော အိန္ဒိယနိုင်ငံ၌ မော်တော်ကားထုတ်လုပ်မှုနှင့် အရောင်းမြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိသည်။

တိုယိုတာမော်တော်ကားကုမ္ပဏီက အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင် တပ်ဆင်ရေးစက်ရုံအသစ်ကို တည်ဆောက်သွားရန်  စီစဉ်နေပြီး ၂၀၂၉ ခုနှစ် ပထမနှစ်ဝက်အတွင်း မဟာရပ်ရှ်ထရာပြည်နယ်၌ SUVs ကားများ  စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မေ ၁၁ ရက်က ကြေညာခဲ့သည်။ အဆိုပါ စက်ရုံအသစ်မှာ   အိန္ဒိယနိုင်ငံရှိ တိုယိုတာကုမ္ပဏီ၏ လေးခုမြောက်စက်ရုံဖြစ်လာမည်ဖြစ်ပြီး နိုင်ငံအတွင်း ကားထုတ်လုပ်နိုင်စွမ်းကိုလည်း  တစ်နှစ်လျှင် အစီးရေ ငါးသိန်းခန့်အထိ  တိုးမြှင့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

အိန္ဒိယကားဈေးကွက်ကို ဦးဆောင်လျက်ရှိသော ဆူဇူကီးကားကုမ္ပဏီက ၂၀၃၀ ဘဏ္ဍာနှစ် နောက်ဆုံးထား၍  နှစ်စဉ်ကားထုတ်လုပ်နိုင်စွမ်းကို  အစီးရေ လေးသန်းအထိ တိုးမြှင့်ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး  ဟွန်ဒါကားကုမ္ပဏီကလည်း အိန္ဒိယနိုင်ငံကို အဓိကဈေးကွက်တစ်ခုအဖြစ် အလေးထားရှုမြင်ကာ မော်ဒယ်လ်အသစ်များကို  ရောင်းချသွားရန် စီစဉ်နေသည်။

ဂျပန်မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီအများစုသည် အမေရိကန်ပြည်ထောင်စုရှိ ၎င်းတို့၏  လျှပ်စစ်ကားဆိုင်ရာ မဟာဗျူဟာများကို ပြန်လည်သုံးသပ်နေချိန်တွင်  ဝယ်လိုအားမြင့်တက်နေသော အိန္ဒိယမော်တော်ကားဈေးကွက်ဆီသို့ အာရုံကျလာခြင်းဖြစ်သည်။

နစ်ဆန်းကုမ္ပဏီကလည်း ၂၀၂၈   ခုနှစ်မှစတင်ကာ မစ္စစ္စပီပြည်နယ်ရှိ   ၎င်းတို့၏စက်ရုံတွင် လျှပ်စစ်ကား SUVs အမျိုးအစား နှစ်မျိုးထုတ်လုပ်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး စက်ရုံတွင် ဟိုက်ဘရစ်နှင့် အခြားမော်ဒယ်လ်များ  ထုတ်လုပ်မှုမြှင့်တင်ရန်  ရည်ရွယ်ထားကြောင်း  သိရသည်။

အင်န်အိတ်ချ်ကေ

MDN