ဖူးခက်တွင် DTV ဗီဇာဖြင့် တရားမဝင် ဧည့်လမ်းညွှန်လုပ်ငန်းလုပ်ကိုင်သည့် ရုရှား နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ
ဖူးခက်မြို့ရှိ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့သည် Destination Thailand Visa (DTV) ကို အသုံးပြုကာ တရားမဝင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ရုရှားနိုင်ငံသားတစ်ဦးကို ဖမ်းဆီးလိုက်သည်။
ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ အဆိုပါသံသယရှိသူ ကိုင်ဆောင်ထားသော DTV ဗီဇာသည် ၅ နှစ်သက်တမ်းရှိပြီး တစ်ကြိမ်ဝင်ရောက်လျှင် ရက်ပေါင်း ၁၈၀ အထိ နေထိုင်ခွင့်ပြုသော်လည်း အလုပ်လုပ်ကိုင်ခွင့် (သို့မဟုတ်) အလုပ်ပါမစ် မပါဝင်ကြောင်း သိရှိရသည်။ ရဲတပ်ဖွဲ့သည် ရုရှားဘာသာဖြင့် ရေးသားထားသော ခရီးစဉ်အစီအစဉ်ဇယားကိုလည်း သက်သေအဖြစ် သိမ်းဆည်းခဲ့သည်။
သင်္ကြန်ပွဲတော်ကာလမတိုင်မီ နိုင်ငံခြားသားများက ဒေသခံတို့၏ အလုပ်အကိုင်များကို ဝင်ရောက်လုပ်ကိုင်နေခြင်းကို စစ်ဆေးနှိမ်နင်းသည့် စီမံချက်အရ ၎င်းကို စနေနေ့ (ဧပြီ ၄) တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များက ၎င်းအား လိုင်စင်မရှိဘဲ ခရီးသွားလုပ်ငန်းလုပ်ကိုင်ခြင်း၊ လိုင်စင်မဲ့ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခြင်းနှင့် နိုင်ငံခြားသားတစ်ဦး အနေဖြင့် အလုပ်ပါမစ်မရှိဘဲ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခြင်းစသည့် ပြစ်မှုများဖြင့် စွဲချက်တင်ထားသည်။ ရဲတပ်ဖွဲ့သည် သံသယရှိသူအား ဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ရန် စစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်း၏ ဗီဇာကိုပယ်ဖျက်၍ ပြည်နှင်ဒဏ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
