ကျောက်ဆည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

News Image

  • ကျောက်ဆည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပ

ကျောက်ဆည် ဧပြီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟို‌ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ကံဦးရပ်၊ ဒေါ်သိုက်ကြီးကွေ့ ရန်ကုန်-မန္တလေး ကားလမ်း ဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးစိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ အဖွဲ့ဝင်ဦးအောင်သူ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ မြို့မိ မြို့ဖ ဦးကျော်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား ပြောကြား ခဲ့သည်။

ဆက်လက်ပြီး ယိမ်းအကအဖွဲ့များမှ “မြူမှောင်ဝေကင်း” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်းနှင့် ကျောက်ဆည် ခရိုင်မြန်မာ့ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာများမှ ယိမ်းအဖွဲ့ ၈ ဖွဲ့၊ ဟိန်းသူ ဆိုင်းအဖွဲ့၊ ခေတ်ပေါ်တေးဂီတ အဖွဲ့များမှ နေ့စဉ် သီဆိုကပြ ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး အလှူရှင် များမှ စတုဒီသာများ ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)