ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရွှေတိဂုံစေတီတော်နှင့် ကျောက်တော်ကြီးဘုရားတို့အား ဖူးမြော်ကြည်ညို၊ ဇီဝိတဒါနငါးနှင့် ငှက်ဘေးမဲ့လွှတ်

News Image

  • ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရွှေတိဂုံစေတီတော်နှင့် ကျောက်တော်ကြီးဘုရားတို့အား ဖူးမြော်ကြည်ညို၊ ဇီဝိတဒါနငါးနှင့် ငှက်ဘေးမဲ့လွှတ်

ရန်ကုန်    ဧပြီ    ၁၇

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီးတို့သည့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်လှူဒါန်းကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးနှင့် တာဝန်ရှိသူများသည် ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ်ကန်အတွင်း ရွှေဝါငါးကြင်းကောင် ရေ ၃၀၀၀၀၊ စာကလေး ငှက်ကောင်ရေ ၁၀၀၀ နှင့် ချိုးငှက် ၃၆  ကောင်ကို ဇီဝိတဒါနအဖြစ် ဘေးမဲ့လွှတ်ပေးကြသည်။

ယင်းနောက် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့်  ဆီမီးဆက်ကပ်လှူဒါန်းကြပြီး ဘုရားရင်ပြင်ပေါ်တွင်  စာကလေးငှက်အကောင် ၁၀၀ နှင့် ချိုးငှက် ၁၀ ကောင်တို့ကို ဇီဝိတဒါနအဖြစ် ဘေးမဲ့လွှတ်ပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ဗဟန်းမြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာ သီရိရတနာခန်းမ၌ ကျင်းပသည့် သက်ကြီးဘိုဘွားများအား   ပူဇော်ကန်တော့ပွဲသို့ တက်ရောက်ပြီး ကန်တော့ခံ သက်ကြီးဘိုးဘွားများအား စုပေါင်းကန်တော့ကြပြီး ဂါရဝပြုအလှူငွေ နှင့် ဂါရဝပြုပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ  အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

MDN