နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီက ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲတက်ရောက်
နေပြည်တော် ဧပြီ ၁၇
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သတ်မှတ်ထားသည့်နေရာမှနေ၍ ရွှေဝါငါးကြင်းနှင့် ထိုင်းငါးခုံးမအကောင်ရေ စုစုပေါင်း ၁၈၀၀၀ ကို ကန်ရေပြင်အတွင်းသို့ ဘေးမဲ့လွှတ်လှူကာ ဇီဝိတဒါန ကုသိုလ်ယူကြသည်။
ယခုကဲ့သို့ ငါးမျိုးစိုက်ထည့်ခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ သတ္တဝါဝေနေယျတို့ ဘေးမဲ့လုံခြုံရာရရှိစေရန်၊ ကုသိုလ်ကောင်းမှု ပွားများစေရန်နှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိန်းသိမ်းရာရောက်သည့်အပြင် မင်္ဂလာကန်အတွင်း ငါးသယံဇာတများ ပိုမိုတိုးပွား လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘိုးဘွားများထံ ကန်တော့ခံပစ္စည်းများပေးအပ်၍ ကန်တော့ချိုးဖြင့် ကန်တော့ကြရာ ကန်တော့ခံဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက မေတ္တာစကား ပြန်လည် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲအခမ်းအနားတွင် နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၄၀ အား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)
MDN

,